သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ ဂျူးအခြေချနေထိုင်မှုအသစ် ၂၂ ခုကို အစ္စရေးအစိုးရက ဥပဒေအရ တရားဝင် ခွင့်ပြုပေးလိုက်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အခြေချနေထိုင်မှုအသစ်တွေကြားမှာ ရှိပြီးသား ကင်းစခန်းတွေကို ဥပဒေအရ တရားဝင်ခွင့်ပြုမှာဖြစ်ပြီး အခြေချ နေထိုင်မှုအသစ်တွေကိုလည်း ဆက်လက် ခွင့်ပြု ပေးသွားမှာဖြစ်တယ်လို့ အစ္စရေးအစိုးရအဖွဲ့က ပြောပါတယ်။

အစ္စရေးရဲ့လုပ်ရပ်ဟာ အဓိကမဟာမိတ်တွေနဲ့ ဆက်ဆံရေးကို တင်းမာစေမဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဥရောပအဖွဲ့ဝင် နိုင်ငံတွေက ပြောကြားထားပါတယ်။ ဒါ့အပြင် ပါလက်စတိုင်း အာဏာပိုင်တွေနဲ့ ဂါဇာအခြေစိုက် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ကလည်း အစ္စရေးရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ကြပါတယ်။ပါလက်စတိုင်းသမ္မတ ပြောရေးဆိုခွင့်ရှိသူကလည်း ဒါဟာ အစ္စရေးအနေနဲ့ ဒေသအကြမ်းဖက်မှုနဲ့ မတည် မငြိမ်ဖြစ်မှု စက်ဝိုင်းအဖြစ် ဆက်လက်ဆွဲငင်နေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။အစ္စရေးအနေနဲ့ အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်မှု ဆက်လက်တိုးချဲ့ရင် အရေးယူပိတ်ဆို့မှုတွေ ချမှတ်နိုင် တယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါတို့ကလည်း ဖိအားပေးပြောဆိုနေပါတယ်။