ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး အစ္စရေး တိုက်ခိုက်မှု ၂၄ နာရီအတွင်း သေဆုံးသူဦးရေ ၁၀၀ ကျော် ရှိလာ တယ်လို့ ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ပါရှိပါတယ်။

ဂါဇာမြို့မှာနေထိုင်နေတဲ့ Al-Shaer မိသားစုဟာ ဇူလိုင် ၂၂ ရက် ညပိုင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် အိပ်ပျော်နေစဉ် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ဂါဇာအလယ်ပိုင်းရှိ Deir al-Balah ကို ဇူလိုင် ၂၂ ရက်မှာ အစ္စရေးစစ်တပ်က မြေပြင်ထိုးစစ်အသစ် စတင်ခဲ့တာပါ။ အစ္စရေး ထိုးစစ်ကြောင့် ဂါဇာအလယ်ပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တည်ဆောက်ထားတဲ့ ဂိုဒေါင်ရုံ တိုက်ခိုက်ခံခဲ့ ရပြီး သိုလှောင်ရုံတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။Deir al-Balah ကို ထိုးစစ်ဆင်နေတာတွေက ဆက်လက်အရှိန်မြှင့်တော့မှာဖြစ်တာကြောင့် ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ အမိန့်ပေးထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရ ပြီးခဲ့တဲ့ မေလကစတင်ပြီး အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်သားပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါ တယ်။ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းသူတွေက ဟားမတ်စ်ဆီကို နောက်ဆုံး အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေး အဆိုပြုချက်ကို တင်သွင်းပြီး တစ်ပတ်နီးပါးအကြာမှာ အစ္စရေးဘက်က ထိုးစစ်တွေ အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။




