အီလွန်မတ် ဦးဆောင်တဲ့ SpaceX ရဲ့ Starship ဒုံးပျံဟာ ယိုစိမ့်မှုတစ်ခုကြောင့် စမ်းသပ် ပျံသန်းစဉ်အတွင်း အာကာသထဲမှာ ထိန်းချုပ်လို့ မရတော့ဘဲ ကမ္ဘာမြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာခဲ့တယ်လို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။

Starship အပေါ်ပိုင်းနဲ့ စူပါဟဲဗီး booster တို့ပါ၀င်တဲ့ ပစ်လွှတ်မှုစနစ်နဲ့အတူ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည် နယ်တောင်ပိုင်း၊ မြေပြင်အခြေစိုက်စခန်းကနေ မေလ ၂၇ ရက်က ဒေသစံတော်ချိန် ညနေ ၆ နာရီ၊ ၃၆ မိနစ်မှာ မိုးခြိမ်းသံအလား မြည်ဟည်းလျက် အစပျိုး လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒုံးပျံလွှင့်တင်ချိန်မှာ X လူမှုကွန်ရက် ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရာ ကမ္ဘာတစ်လွှားက ဝင်ရောက်ကြည့်ရှုသူ ၁ ဒသမ ၁ သန်းနီးပါး ရှိခဲ့ပါတယ်။

ကောင်းကင်ယံကို ပျံတက်သွားပြီးနောက် မိနစ်အနည်းငယ်အကြာမှာပဲ စူပါဟဲဗီး booster ဟာ Starship အပေါ် ကနေ ခွဲထွက်ပြီး အင်ဂျင်တွေ လှုပ်ရှားလာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာမြေပြင်ပေါ်ကို ပြန်ပြီး ပြုတ်ကျလာချိန်မှာ တော့ သိသာထင်ရှားတဲ့ ပြဿနာတစ်ခုနဲ့အတူ ပေါက်ကွဲလွင့်စဉ်သွားကြောင်း၊ မက္ကစီကို ပင်လယ်ကွေ့ထဲကို အရှိန်ပြင်းပြင်းနဲ့ ကျဆင်းလာမယ့်လို့ မျှော်လင့်ထားကြောင်း SpaceX ကုမ္ပဏီက မှတ်ချက်ပေးထားပါတယ်။




