အစ္စရေးရဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်တစ်ဝန်းမှာ တစ်ရက်အတွင်း လူ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မနေ့က ဇူလိုင် ၃ ရက်မှာ ပါလက်စတိုင်း ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဂါဇာမြို့က စာသင်ကျောင်းတစ်ခုကို အစ္စရေး က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဲဒီတစ်နေရာတည်းမှာ ပါလက်စတိုင်း ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။အစ္စရေးစစ်တပ်ဘက်ကတော့ အဲဒီနေရာမှာ ဟားမတ်စ်အဖွဲ့တွေ အခြေစိုက်နေတဲ့အတွက် ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီတွေ ရရှိဖို့ တန်းစီစောင့်ဆိုင်းနေချိန်မှာလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး လူ ၃၈ ယောက် ထပ်သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက ဂါဇာက ဟားမတ်စ် တပ်ဖွဲ့ဝင်တွေနဲ့ ဥမင်လိုဏ်ခေါင်းတွေ အပါအဝင် အကြမ်းဖက်ပစ်မှတ် ၁၅၀ ဝန်းကျင်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)က ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကမ်းမြောင်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ရရှိဖို့ တွန်းအားပေးနေချိန်မှာ အခုလို အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ဆက်ရှိနေတာပါ။အစ္စရေးဘက်က ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အခြေအနေတွေကို သဘောတူ ထားတယ်လို့ သမ္မတထရမ့်က ကြေညာထားပြီး ဟားမတ်စ်ကတော့ အဆိုပြုချက် အသေးစိတ်နဲ့ပတ်သက်လို့ လေ့လာနေတယ်လို့ ဆိုပါတယ်။




