ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ဒီနှစ်ကုန်ပိုင်းမှာ အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီနဲ့ပြုလုပ်ဖို့ရှိနေတဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယကို သွားရောက်ဖို့ ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ရော့ဗ်က ပြောကြားခဲ့တာကို RT သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ဩဂုတ် ၂၁ ရက် ကြာသပတေးနေ့က ပြုလုပ်တဲ့ မော်စကိုကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆာဂေး လက်ရော့ဗ်က ပြောကြားခဲ့တာပါ။

အိန္ဒိယနဲ့ ရုရှားခေါင်းဆောင်တွေကြား ပြုလုပ်ဖို့ရှိနေတဲ့ ထိပ်သီးအစည်းအဝေးဟာ ပထဝီဝင်နိုင်ငံရေးတွေ ရှုပ်ထွေး လာတဲ့ကြားက နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးတွေက ပြော ကြားခဲ့ပါတယ်။ မော်စကိုမှာ သတင်းထောက်တွေနဲ့ စကားပြောရာမှာ ဂျိုင်ရှန်ကာက နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့လာတဲ့အကြောင်းနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးကို ဟန်ချက်ညီညီနဲ့ ရေရှည်သွားနိုင်အောင် တိုးချဲ့ ပြုလုပ်သွားဖို့ တူညီတဲ့ရည်မှန်းရှိနေကြောင်းတို့ကို အလေးပေး ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ဟာ နယူးဒေလီနဲ့ မော်စကိုရဲ့ဆက်ဆံရေးကြောင့် အမေရိကန်နဲ့ အိန္ဒိယကြား မှာ တင်းမာမှုတွေရှိပြီးလာနောက်ပိုင်းမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ရုရှားက ရေနံကို ဆက်လက်ဝယ်ယူနေ တာကြောင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီလအစောပိုင်းမှာ အိန္ဒိယကို ထပ်ဆောင်းအခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး အိန္ဒိယက ဒါကို မတရားဘူးလို့ ရှုတ်ချထားသလို နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ကတိပြုထားပါတယ်။ ရုရှားအရာရှိတွေကတော့ နယူးဒေလီနဲ့ စွမ်းအင်ကုန်သွယ်မှု လုပ်နေတာတွေ ရပ်တန့်သွား မှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားထားပါတယ်။




