အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကို အကဲဖြတ်ဖို့ ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ၂ ပတ် အချိန်ပေးလိုက်တယ်လို့ The Straits Times သတင်းမှာ ဖော်ပြပါရှိပါတယ်။ ဒါဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သူ့ရဲ့ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လိုက်တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် သဘောတူ ညီမှု ယူနိုင်ဖို့ အခွင့်အလမ်း ရှိ မရှိနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုက ထရမ့်ကို မေးမြန်းခဲ့ရာမှာ “နှစ်ပတ် အတွင်း တော့ တစ်နည်းနည်းနဲ့ အဖြေသိရမှာပါ၊ အဲဒီနောက်မှာတော့ တခြားနည်းလမ်းသုံးရလိမ့်မယ်”လို့ ဖြေကြားခဲ့ပါတယ်။

ထရမ့်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ စစ်ပွဲကို အဆုံးသတ်အောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အခုအခါမှာ ရုရှား-ယူကရိန်းစစ်ပွဲသက်တမ်း ၃ နှစ်ကျော်ကြာလာခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုရှိအောင် မစွမ်းဆောင်နိုင် သေးပါဘူး။ထရမ့်ဟာ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ ဩဂုတ် ၁၅ ရက်က အလက်စကာမှာ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။ ဒါ့အပြင် ထရမ့်ဟာ အစောပိုင်းက အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးတာကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ ဩဂုတ် ၁၈ ရက်မှာ ထရမ့်ဟာ ယူကရိန်းသမ္မတ ဇယ်လန်စကီး၊ ဥရောပ မဟာမိတ်တချို့နဲ့အတူ အိမ်ဖြူတော်မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားဟာ တွေ့ဆုံမှုလုပ်ဖို့ကို ရှောင်ရှားနေပြီး စစ်ပွဲကို အဆုံးသတ်လိုတဲ့ ဆန္ဒမရှိဘူးလို့ ဇယ်လန်စကီးက ဩဂုတ်၂၁ ရက်က စွပ်စွဲပြောဆိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဘက်ကလည်း ယူကရိန်းဟာ ရေရှည် ငြိမ်းချမ်းရေးအတွက် စိတ်မဝင်စားဘဲ မော်စကိုအနေနဲ့သဘောမတူနိုင်တဲ့ လူခြုံရေးအာမခံချက်တွေကိုသာ တောင်းဆိုနေတယ်လို့ ပြောပါတယ်။




