စစ်သုံ့ပန်းကို ပစ်သတ်မှုအတွက် ရုရှားစစ်သားတစ်ယောက်ကို ယူကရိန်းတရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တာကို နိုဝင်ဘာ ၇ ရက်က Reuters သတင်းမှာ ဖော်ပြထားပါတယ်။လက်ရှိ စစ်ဖြစ်ပွားနေတဲ့ နိုင်ငံရဲ့ ရန်သူစစ်သားကို ယူကရိန်းတရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက် ချမှတ်တာ ဟာ အခုတစ်ကြိမ်က ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်တုန်းက အသက် ၄၁ နှစ်အရွယ် ယူကရိန်း စစ်သား ဗီတာလီ ဟော့ဒ်နူခ်က လက်နက်ချခဲ့ပေမဲ့ အသက် ၂၇ နှစ်အရွယ် ရုရှားစစ်သား ဒီမစ်ထရီ ကူရာရှော့ဗ်က သူ့ကို ပစ်သတ်ခဲ့ကြောင်း ယူကရိန်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဒါ့ကြောင့် နိုဝင်ဘာ ၆ ရက်မှာ အဲဒီ ပြစ်မှုအတွက် ကူရာရှော့ဗ်ကို ထောင်ဒဏ်တစ်သက် စီရင်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အစီရင်ခံမှုတွေ၊ မျက်မြင်သက် သေ ထွက်ဆိုချက်တွေ၊ ဗီဒီယိုမှတ်တမ်းတွေကို အထောက်အထားအဖြစ် တရားခွင်ဆီ တင်ပြခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အဲဒီတုန်းက ကူရာရှော့ဗ်နဲ့ အပေါင်းအပါ စစ်သားတွေဟာ ယူကရိန်းရဲ့ ဇာပေါ့ရစ်ဇီရာ ဒေသထဲက စစ်စခန်းတစ်ခု ကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။ ဟော့ဒ်နူခ်ဟာ လက်နက် ယူမလာဘဲ တွားသွားထွက်လာပြီး အညံ့ခံကြောင်း ပြောပေမဲ့ ကူရာရှော့ဗ်က အနီးကပ်တေ့ပြီး AK-47 ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ကူရာရှော့ဗ်နဲ့ သူ့အဖွဲ့သားတွေဟာ ယူကရိန်းတပ်တွေ ဝိုင်းတာကို ခံခဲ့ရပြီး သုံ့ပန်းအနေနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။




