ကွန်ဂရက်လွှတ်တော်မှာ အစိုးရဘတ်ဂျက်ဥပဒေ အတည်မပြုနိုင်တဲ့အတွက် အမေရိကန်အစိုးရလုပ်ငန်း ရပ်ဆိုင်း နေတာကြောင့် လေကြောင်းခရီးစဥ် ၅၀၀၀ ကျော်ကို နိုဝင်ဘာလ ၇ ရက် သောကြာနေ့က ဖျက်သိမ်းတာနဲ့ နှောင့် နှေးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အကြောင်းကတော့ လေကြောင်းထိန်းချုပ်ရေး ဝန်ထမ်းတွေလည်း လစာ မရတာကြောင့် ဖျားနာခွင့် တင်တာတွေ နဲ့ တခြားအလုပ် သွားလုပ်ကြတဲ့အတွက် လေကြောင်း ထိန်းချုပ်ရေးမှူးတွေ ရှားပါးမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါ တယ်။ဒီအတွက် လေကြောင်းလိုင်းတွေက လေယာဥ်ခရီးစဉ်တွေ လျှော့ချဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ ခရီးစဥ်အများဆုံး လေဆိပ် ၄၀ က ပြည်တွင်း လေကြောင်းလိုင်း ခရီးစဥ်တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေး(FAA)က ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ၄ ရာခိုင်နှုန်း စတင် လျှော့ချ မှာဖြစ်ပြီး လာမဲ့ သီတင်းပတ်ကုန်မှာတော့ ၁၀ ရာခိုင်နှုန်းအထိ ထပ်မံ လျှော့ချသွားမယ်လို့ ဆိုပါတယ်။အမေရိကန်သယ်ယူပို့ဆောင်ရေးအကြီးအကဲက “ တကယ်လို့ အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု မကြာမီကာလအထိ မပြီးဆုံးသေးဘူးဆိုရင်” လျှော့ချမှုကို ၁၅ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့ ပြောပါတယ်။အမေရိကန် အကြီးဆုံး လေကြောင်းလိုင်းတွေဖြစ်တဲ့ United နဲ့ Delta တို့ကတော့ ဖျက်သိမ်းခံရတဲ့ ခရီးစဉ်တွေ အတွက် ခရီးသည်တွေကို ငွေ အပြည့်အဝ ပြန်အမ်းပေးမှာ ဖြစ်တယ်လို့ အာမခံ ပြောဆိုထားပါတယ်။




