ယူကရိန်းကို အမေရိကန်လက်နက်တွေ ပေးပို့မယ့် နေတိုးဦးစီးတဲ့ ပဏာမ အစီအစဉ်တစ်ရပ်အတွက် ဆွီဒင်၊ ဒိန်းမတ်နဲ့ နော်ဝေးတို့က အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ထည့်ဝင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ထောက်ပံ့ပေးပို့သွားမယ့် လက်နက်တွေထဲမှာ ပက်ထရိယော့ဒုံးကျည်တွေ ပါဝင်ပြီး ရုရှားကို ဆက်လက်ခုခံ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်လို့ ဒီနိုင်ငံ ၃ နိုင်ငံက သြဂုတ် ၅ ရက်က ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်အနေနဲ့ ဥရောပမဟာမိတ်နိုင်ငံတွေ ထည့်ဝင်ထားတဲ့ ငွေ ပမာဏအတိုင်း ယူကရိန်းကို လက်နက်တွေ ပေးပို့သွားမှာဖြစ်တယ်လို့ ဇူလိုင်လထဲမှာ ပြောကြားခဲ့ပေမဲ့ ဘယ်လိုနည်းလမ်းနဲ့ ပေးပို့သွားမယ်ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ဒီနည်းလမ်းဟာ ဥရောပတစ်လွှား ရေရှည်လုံခြုံရေးအတွက် အခြေခံ အုတ်မြစ် အသစ်ဖန်တီးလိုက်တာပဲလို့ ပြောဆိုခဲ့ပါတယ်။ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးကလည်း ထည့်ဝင်ငွေတွေကို ချက်ချင်းပေးပို့သွားမှာဖြစ်ပြီး ဒိန်းမတ်အနေနဲ့ နောက်ပိုင်းမှာ ထပ်တိုးရန်ပုံငွေတွေအတွက်လည်း ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါ တယ်။

နေတိုးအကြီးအကဲ မာ့ခ်ရုတ်ကတော့ နော်ဒစ် ၃ နိုင်ငံအနေနဲ့ ဒီအစီအစဉ်အတွက် ရန်ပုံငွေတွေ အမြန်ပေးပို့တဲ့ အတွက် မဟာမိတ်တွေက ကျေးဇူးတင်ကြောင်းနဲ့ နေတိုးအနေနဲ့ ယူကရိန်း လိုအပ်ချက်တွေအတွက် နေတိုးရဲ့ ဦးစားပေးစာရင်းလို့ အမည်ရတဲ့ အစီအစဉ်အတွက် ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါ တယ်။ဒီအစီအစဉ်အတွက် ဥရောပမဟာမိတ်နိုင်ငံများနဲ့ ကနေဒါနိုင်ငံတို့က ရန်ပုံငွေတွေ ထည့်ဝင်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၅၀၀ ပမာဏရှိ ရန်ပုံငွေတွေကို အသုတ်ခွဲကာ ထည့်ဝင်စေမှာ ဖြစ်ပါတယ်။




