နေတိုးကာကွယ်ရေးအကြီးအကဲတွေဟာ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်စေမယ့် ငြိမ်းချမ်းရေးသဘောတူ ညီချက် ရရှိစေဖို့ ယူကရိန်းကို ကမ်းလှမ်းနိုင်မယ့် လုံခြုံရေးအာမခံချက်နဲ့ပတ်သက်ပြီး သြဂုတ် ၂၀ ရက်က ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ အကြီးတန်းမဟာမိတ်အရာရှိတစ်ယောက်က ပြောဆိုခဲ့တာကို နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။နေတိုးစစ်ရေးကော်မတီဥက္ကဋ္ဌဖြစ်တဲ့ အီတလီရေတပ်ဗိုလ်ချုပ်ကြီးရဲ့အဆိုအရ အမေရိကန်ဦးဆောင်တဲ့ စစ်ပွဲ အဆုံးသတ်ရေး သံတမန်ရေးရာ အားထုတ်မှုကာလအတွင်းမှာပဲ မဟာမိတ်နိုင်ငံတွေက ကာကွယ်ရေး အကြီး အကဲ ၃၂ ယောက်တို့ဟာ အွန်လိုင်းညီလာခံတစ်ခု ပြုလုပ်ခဲ့ကြတာပါ။

သူက ဒီဆွေးနွေးမှုဟာ ကောင်းမွန်ပွင့်လင်းတဲ့ဆွေးနွေးမှုဖြစ်ခဲ့ပြီး အားလုံးရဲ့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှုတွေအတွက် ကျေးဇူးတင်ချင်ကြောင်းနဲ့ ကျွန်တော်တို့တွေဟာ စည်းလုံးညီညွတ်ကြကြောင်း ဒီစည်းလုံးမှုက အမြဲတမ်း အမှန်တတကယ်လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အရာဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။ရုရှားအနေနဲ့ ယူကရိန်းကို ထပ်မံ မကျူးကျော်ဖို့ အာမခံချက်ဟာ ယူကရိန်းဘက်က ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရေးထိုးစေဖို့ အရေးပါတဲ့ အာမခံချက်တစ်ခု ဖြစ်ပါတယ်။ ယူကရိန်းစစ်တပ်အနေနဲ့ လက်နက်တွေ၊ လေ့ကျင့်ရေးတွေနဲ့ ကာကွယ်ရေးအဆင့်မြှင့်တင်ရေးတွေအတွက် အနောက်နိုင်ငံတွေဆီက အကူအညီ လိုအပ်နေပြီး အနောက်နိုင်ငံတွေရဲ့အကြီးအကဲတွေကလည်း ဘယ်လို ကတိကဝတ်တွေ ပေးနိုင် မလဲဆိုတာ ကြိုးစား အဖြေရှာနေကြပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာဗရော့ကတော့ ရုရှားမပါဝင်ဘဲ ယူကရိန်း လုံခြုံရေးအစီအမံတွေကို ဆွေးနွေးဖို့ ကြိုးပမ်းတာကို ပြစ်တင်ဝေဖန်ထားပါတယ်။ စစ်ဘက်ဆိုင်ရာအကြီးအကဲတွေအနေနဲ့ လုံခြုံရေး တပ်တွေ ပါဝင်နိုင်မယ့် နည်းလမ်းကို အဖြေရှာနေကြဆဲဖြစ်ပြီး ဒီနေရာမှာ အမေရိကန်ရဲ့အခန်းကဏ္ဍဟာ လည်း မရေမရာ ဖြစ်နေပါတယ်။ အမေရိကန်သမ္မတထရမ့်ကတော့ ရုရှားတပ်တွေကို ခုခံဖို့ ယူကရိန်းကို အမေရိကန်တပ်တွေ ပို့ဆောင်ရေး အဆိုကို သြဂုတ် ၁၉ ရက်က ပယ်ချထားပါတယ်။ ဒါအပြင် ရုရှားနဲ့ယူကရိန်းသမ္မတတို့ မျက်နှာချင်းဆိုင် တွေ့ဆုံပွဲအတွက် အစီအစဉ်တွေ စတင်ပြုလုပ်နေပြီလို့ သမ္မတထရမ့်က ပြောဆိုခဲ့ပေမဲ့ ရုရှားဘက်ကတော့ ဒီတွေ့ဆုံပွဲအတွက် အတည်ပြုထားတာမရှိသလို တွေ့ဆုံမယ့်နေရာကိုလည်း အဆိုပြုထားတာ မရှိသေးပါဘူး။




