အိမ်နီးချင်းယူကရိန်းကို တိုက်ခိုက်စဉ် ရုရှားဒရုန်းတစ်စင်းက ရိုမေးနီးယားလေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက် တဲ့အတွက် ရိုမေးနီးယားက ဂျက်တိုက်လေယာဉ်တွေကို စေလွတ်ခဲ့ရကြောင်းနဲ့ ရုရှားနိုင်ငံရဲ့ တာဝန်မဲ့ လုပ်ရပ်ကို ရိုမေးနီးယားက ရှုတ်ချခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။

ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဒရုန်းတစ်စင်းက ရိုမေးနီးယားလေကြောင်းပိုင်နက်ထဲကို စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီ ၅ မိနစ်မှာ ဝင်ရောက်ခဲ့တယ်လို့ ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ပိုလန်နိုင်ငံ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားဒရုန်းတွေကို ပိုလန်နိုင်ငံက ပစ်ချခဲ့ပြီး နေတိုးက မဟာမိတ်အရှေ့ပိုင်းတောင်ပံရဲ့ကာကွယ်ရေးကို မြှင့်တင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ အခု အဖြစ် အပျက် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းကို မြောက်ပိုင်းရှိ ဒိုဘရူဂျာဒေသမှာ ကင်းလှည့်တာဝန်ယူနေတဲ့ F-16 fighter ဂျက်လေယာဉ်နှစ်စင်းက ကြားဖြတ်ဝင်ရောက်ပြီး ပစ်ချဖို့ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ဒိုဘရူဂျာဒေသက ပါဒီနာမြို့အနီး အမျိုးသားလေကြောင်းပိုင်နက်ကနေ မထွက်ခွာမီ အဲဒီဒရုန်းဟာ မိနစ် ၅၀ လောက် ဝဲပျံနေပြီးမှ ယူကရိန်းဘက်ကို ဦးတည်သွားတယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။




