မန်ယူအသင်းမှာ အသုံးပြုနေတဲ့ ၃-၄-၃ ကစားကွက်ကိုပြောင်းလဲသင့်ပြီဆိုတဲ့ မှတ်ချက်ပြုမှုတွေကို မန်ယူနည်းပြ အမိုရင်က ပယ်ချလိုက်ပြီး သူ့ရဲ့ ဘောလုံးအတွေးအခေါ်တွေကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

နည်းပြ အမိုရင်ရဲ့ ကစားကွက်မှာ မန်ယူအသင်းကွင်းလယ် အားနည်းချက်ကို ထောက်ပြမှုတွေရှိနေပြီး ဒီအားနည်းချက်က ပြိုင်ဘက်အသင်းအတွက် အခွင့်အရေးတွေဖြစ်စေခဲ့တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ မန်စီးတီးဟာ အခုပွဲမှာအနိုင်ယူပြီး ၂ ပွဲဆက်ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ပေမယ့် မန်ယူအသင်းအတွက်တော့ အခုရာသီ ပြိုင်ပွဲစုံ ၃ ပွဲမြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ နည်းပြအမိုရင်အတွက်လည်း မန်ယူနည်းပြဘဝ ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ၈ ပွဲသာအနိုင်ရခဲ့ပြီး မန်ယူအသင်းရဲ့ နိုင်ပွဲရာခိုင်နှုန်းအနည်းဆုံး နည်းပြအဖြစ်မှတ်တမ်းဝင်လာပါတယ်။

အခုလိုရလဒ်မကောင်းမှုက နည်းစနစ်မကောင်းလို့ ဖြစ်ရတာလားဆိုတဲ့ မေးမြန်းမှုတွေကို အမိုရင်က ပြန်လည်ဖြေကြားရာမှာ လက်ရှိအခြေအနေက မန်ယူအသင်းမှာရှိသင့်တဲ့ အခြေအနေမဟုတ်တာကို နားလည်ထားပေမယ့် သူ့ရဲ့ဘောလုံးအတွေးအခေါ်ကိုတော့ ပြောင်းလဲပစ်မှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပြီး အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းစနစ်ပိုင်းကို ပြောင်းလဲချင်တယ်ဆိုရင် လူကို ပြောင်းလဲမှပဲဖြစ်နိုင်လိမ့်မယ်လို့ အမိုရင်က ပြောသွားပါတယ်။ မန်ယူအသင်းဟာ လာမယ့်စနေနေ့မှာ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးအသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။




