နိုင်ငံပေါင်း ၁၂ နိုင်ငံက နိုင်ငံသားတွေကို အမေရိကန် ခရီးသွားလာခွင့် ပိတ်ပင်တဲ့ အမိန့်ကြေညာချက် တစ်စောင် ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမျိုးသားလုံခြုံရေး စိုးရိမ်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတထရမ့်က မနေ့က ဇွန်လ ၄ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာပါ။

ပိတ်ပင်ခံရတဲ့ နိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီး ယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလား နိုင်ငံသားတွေကိုလည်း အမေရိကန်ကို လာရောက်ခွင့် ကန့်သတ်မှုတွေလုပ်ဖို့ ရှိနေပါတယ်။အမေရိကန်နဲ့ အမေရိကန်ပြည်သူတွေရဲ့ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ အမိန့်ကြေညာချက်မှာ ထည့်သွင်းပြောကြားထားပါတယ်။ ဒီအမိန့်ဟာ လာမယ့် ဇွန်လ ၉ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး အဲဒီရက်မတိုင်ခင် ထုတ်ပေးထားတဲ့ ဗီဇာတွေကိုတော့ ပြန်ရုပ်သိမ်း မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီမိုကရက်အမတ်အချို့ကတော့ ထရမ့်ရဲ့ ဒီအမိန့်အပေါ် ဝေဖန်ခဲ့ပြီး ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သူတွေရဲ့ စံနှုန်းကို ချိုးဖောက်နေတယ်လို့ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်းကလည်း အီရန်၊ အီရတ်၊ ဆိုမာလီယာ၊ ဆူဒန်၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေက နိုင်ငံသားတွေကို အမေရိကန်ထဲ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။