မဟာမိတ်ဖွဲ့ထားတာကြာပြီဖြစ်တဲ့ နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့စီးပွားရေးအရ ဆက်စပ်မှုတွေကို ပိုမိုလေးနက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးဖို့ သမ္မတထရမ့်က ဖိလစ်ပိုင်သမ္မတကို အိမ်ဖြူတော်မှာ မကြာခင် လက်ခံ တွေ့ဆုံမယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးမန်နျူရယ် ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျုနီယာနဲ့သမ္မတထရမ့်တို့ တွေ့ဆုံမဲ့ရက်ကို အတိအကျ သတ်မှတ်ထားတာ မရှိပေမဲ့ ဒီလအတွင်း မကြာခင်မှာ တွေ့ဆုံမယ်လို့ သူက ပြောပါတယ်။အဲဒီဒေသမှာ တရုတ်နိုင်ငံရဲ့ရန်လိုတဲ့ လုပ်ရပ်တွေ သိသိသာသာ များလာတာကို ဟန့်တားဖို့ အားဖြည့်ပေးတဲ့ စစ်ရေးလေ့ကျင့်မှုတွေ အပါအဝင် နှစ်နိုင်ငံ သဘောတူကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အဲဒီမဟာမိတ် နိုင်ငံတွေက မြှင့်တင်ခဲ့ကြပါတယ်။

တောင်တရုတ်ပင်လယ်အပါအဝင် အခြား ဘယ်နေရာမှာပဲဖြစ်ဖြစ် ဖိလစ်ပိုင်တပ်ဖွဲ့တွေ၊သင်္ဘောတွေ ဒါမှမဟုတ် လေယာဉ်တွေ တိုက်ခိုက် ခံရရင် အာရှက အမေရိကန်ရဲ့ သက်တမ်းအရှည်ဆုံးမဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်ကို ကာကွယ်ဖို့ ဝတ္တရားရှိတယ်လို့ အမေရိကန်က ထပ်တလဲလဲ သတိပေးပြီးသား ဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး အတွက် အရေးပါတဲ့ အဲဒီ ပင်လယ်ရေလမ်းကြောင်းမှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ တရုတ်(တိုင်ပေ)နိုင်ငံတို့ ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ခဲ့တာကြာပြီ ဖြစ်ပေမဲ့ အခုထိ ပြေလည်မှု မရရှိ သေးပါဘူး။




