အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲ အပစ်ရပ်ရေးအတွက် ရုရှားအနေနဲ့ ၁၀ ရက် ဒါမှမဟုတ် ၁၂ ရက်အတွင်း သဘောတူရမယ်လို့ နောက်ဆုံး သတ်မှတ်ရက်အသစ်ကို ပြောကြားလိုက်ပါတယ်။

စကော့တလန်မှာ ဇူလိုင် ၂၈ ရက်က ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ တွေ့ဆုံပြီးနောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တိုးတက်မှု မရှိတာကြောင့် နောက်ထပ် စောင့်ဆိုင်းဖို့ “ အကြောင်းပြချက်မရှိ” ဘူးလို့ ထရမ့်က ဆိုပါတယ်။အရင် နှစ်ပတ်လောက်တုန်းကတော့ ထရမ့်က သမ္မတပူတင် အနေနဲ့ ရက် ၅၀ အတွင်း စစ်ပွဲကို အဆုံးသတ်ရမယ် အဲလိုမလုပ်ရင် ရုရှားဟာ ကြီးမားတဲ့ အခွန်စည်းကြပ်မှုကို ရင်ဆိုင်ရမယ်လို့ ပြောကြားခဲ့တာပါ။ ဇူလိုင်လ အစော ပိုင်းတုန်းကလည်း ရုရှားနဲ့ ကုန်သွယ်တဲ့ ဘယ်နိုင်ငံမဆို ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ် ခံရမယ်လို့ ထရမ့်က ပြောကြားခဲ့ပါသေးတယ်။

ကျွန်တော်တို့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရတော့မယ်လို့ ဆိုပေမဲ့ ရုတ်တရက် ဆိုသလို ကိယက်ဗ်နဲ့ တခြား နေရာတွေကို ဒုံးကျည်တွေ ပျံသန်းလာတယ်” လို့ ထရမ့်က ညည်းတွား ပြောကြားခဲ့ပြီး ညှိနှိုင်းမှုတွေ ဖြစ်နိုင်မယ် လို့ ထင်ခဲ့ပေမယ့် အခုအခါမှာတော့ လုပ်ငန်းစဉ်မှာ အတော်နောက်ကျနေပြီလို့လည်း ပြောကြားပါတယ်။ ရုရှားရဲ့ ကျူးကျော်မှု စစ်ပွဲဟာ သုံးနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး ယူကရိန်းအပေါ် ပူတင်ရဲ့ လုပ်ရပ်တွေကို မကျေနပ်ကြောင်း ထရမ့်က ထပ်မံ ဖော်ပြခဲ့တာဖြစ်ပါတယ်။




