အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဒေါင်ကျန်နဲ့ ပထမဆုံးအကြိမ် ဆွေးနွေးမှုတွေပြုလုပ်ကာ အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ပဋိပက္ခ မဖြစ်လိုပေမဲ့ အာရှ-ပစိဖိတ် ဒေသရှိ အရေးပါတဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်မယ်လို့ ပြောကြားခဲ့တာကို CNN သတင်းမှာ ပါရှိပါတယ်။

Pete Hegseth နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဒေါင်ကျန်တို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အပြုသဘော ဆောင်တဲ့ ဖုန်းပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က ပြောပါတယ်။အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ ပဋိပက္ခမဖြစ်လိုပါဘူး ဒါမှမဟုတ် တရုတ်အစိုးရအပြောင်းအလဲဖြစ်အောင် မကြိုး ပမ်းဘူးဆိုတာ Pete Hegseth က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသမှာ အရေးပါတဲ့ အကျိုးစီးပွားတွေရှိပြီး အဲဒီဟာတွေကို သေချာပေါက် ကာကွယ်စောင့်ရှောက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

Pete Hegseth ရဲ့ တောင်းဆိုချက်ကြောင့် အွန်လိုင်းတွေ့ဆုံမှု ပြုလုပ်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်း ဌာနက ဖော်ပြပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ် တွဲနေ ထိုင်မှုကို အခြေခံတဲ့ အပြုသဘောဆောင်တဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့ ဒေါင်ကျန်က Pete Hegseth ကို တိုက်တွန်းခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း ပြီးခဲတဲ့ စက်တင်ဘာ ၈ ရက်က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနဲ့ ဖုန်းပြောဆိုကာ နှစ်နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါသေးတယ်။




