ယူကရိန်းသမ္မတ ဇယ်လန်စကီးက လာမဲ့ တနင်္လာနေ့မှာ ဝါရှင်တန်ကိုသွားပြီး သမ္မတထရမ့်နဲ့ တွေ့ဆုံမယ်လို့ ပြောကြားလိုက်ပါတယ်။သမ္မတထရမ့်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်မှာဖြစ်ပြီး အလက်စကာ မှာ ထရမ့်နဲ့ပူတင်တို့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ နားလည်ဖို့နဲ့ စစ်ပွဲအဆုံးသတ်ရေး တိုက်ရိုက်ဆွေးနွေးဖို့ ဖြစ်ပါတယ်။

ထရမ့်နဲ့ပူတင်တို့ရဲ့ အလက်စကာ ဆွေးနွေးပွဲကနေ ကြီးမားတဲ့ တိုးတက်မှုတွေရခဲ့တယ်လို့ ထရမ့်က ဆိုပေမဲ့ ဘာမှ အတိအကျမပြောခဲ့ပါဘူး။ ဒါကြောင့် ဇယ်လန်စကီးအနေနဲ့ ဝါရှင်တန်ကိုသွားရောက်ပြီး ထရမ့်ရဲ့ စစ်ပွဲ ရပ်တန့်ရေး အစီအစဉ်အကြောင်း အသေးစိတ်သိရှိဖို့ ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။အလက်စကာ ဆွေးနွေးပွဲအပြီး ထရမ့်နဲ့ ဖုန်းပြောခဲ့ရာမှာ ဇယ်လန်စကီးက စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ သေဆုံးမှုတွေနဲ့ လူ့အသက်ဆုံးရှုံးမှုတွေကို ဘယ်လိုရပ်တန့်မလဲ ဆိုတာကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ထုတ်ဖေါ် ပြောဆို ပါတယ်။

ဒါ့အပြင် ထရမ့်ရဲ့ ယူကရိန်း၊ အမေရိကန်နဲ့ ရုရှားတို့ သုံးပွင့်ဆိုင် ထိပ်သီး အစည်းအဝေးတစ်ခုလုပ်ဖို့ အကြံပြုချက်ကို ထောက်ခံကြောင်းနဲ့ ဒါဟာ သင့်တော်တယ်လို့လည်း ဇယ်လန်စကီးက ပြောပါတယ်။အပစ်အခတ်ရပ်စဲနိုင်ခဲ့ရင် ယူကရိန်း အတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေ ဘယ်လိုပေးမလဲဆိုတာကို ဇယ်လန်စကီးက ထရမ့်နဲ့ ဆွေးနွေးပါလိမ့်မယ်။ ရုရှားဟာ လာမဲ့ရက်ပိုင်းအတွင်း ယူကရိန်းအပေါ် ဖိအား ပေးမှုတွေနဲ့ တိုက်ခိုက်မှုတွေ တိုးမြှင့်လာနိုင်တယ်လို့လည်း သမ္မတ ဇယ်လန်စကီးက ပြောပါတယ်။




