အီရတ်နိုင်ငံကို ၂၀၀၃ ခုနှစ်က အမေရိကန်ကျူးကျော်မှုအပြီး လုယက်ခံရမှုနဲ့ မှောင်ခိုသယ်ထုတ်သွားခံခဲ့ပြီးနောက် အမေရိကန်နဲ့ တခြားနိုင်ငံတွေက ပြန်လည်ပေးအပ်ခဲ့တယ်ဆိုတဲ့ ရှေးဟောင်းပစ္စည်းတွေကို အီရတ်မှာ ပြသခဲ့ပါ တယ်။

ကျူးကျော်ခံရပြီးနောက် ပျောက်ဆုံးနေတဲ့ ရှေးဟောင်းသုတေသန အမွေအနှစ် ထောင်ပေါင်းများစွာကို ပြန်လည်ရယူဖို့ အီရတ်အာဏာပိုင်တွေက ကြိုးပမ်းနေပါတယ်။

ဘဂ္ဂဒက်မြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖော်အက် ဟူစိန်ဟာ မကြာသေးခင်ကမှ ပြန်လည်တွေ့ရှိခဲ့တဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေကို ယဉ်ကျေးမှု၊ ခရီးသွားလာရေးနဲ့ ရှေးဟောင်းပစ္စည်းရေးရာဝန်ကြီး အာမက် ဖာကက် အဲလ် ဘာဒရာ နီထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဧပြီလက ဝါရှင်တန်ကို အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီအာ အဲလ်ဆူဒါနီ သွားရောက်လည်ပတ်ပြီးနောက် နိုင်ငံခြားရေးဌာနရုံးချုပ်မှာ ပြသထားတဲ့ ပစ္စည်းအများစုကို အမေရိကန်က ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဘာဒရာနီက ပြောဆိုခဲ့ပါတယ်။

တခြားနိုင်ငံတွေက ပြန်လည်ပေးအပ်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေအကြောင်း အသေးစိတ်ကိုတော့ ပြောကြားခဲ့တာ မရှိပါဘူး။ အခုလထဲမှာ ဆွစ်ဇာလန်နဲ့ ဂျပန်တို့က ရှားပါးတဲ့ ရှေးဟောင်းသုတေသနပစ္စည်းတွေကို ထပ်မံပေးအပ်မယ်လို့ အီရတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။