စစ်သွေးကြွခေါင်းဆောင်နှစ်ယောက် သတ်ဖြတ်ခံရပြီးနောက် တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခကို ရှောင်ရှားနိုင်အောင် သံတမန်ရေးရာ ကြိုးပမ်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။
ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် ဗုဒ္ဓဟူးနေ့ အစောပိုင်းက အီရန်မြို့တော်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် အစ္စရေးအပေါ် လက်စားချေဖို့ ခြိမ်းခြောက်မှုတွေနဲ့ ဂါဇာပဋိပက္ခကနေ ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲအဖြစ် ပြောင်းလဲ လာမှာကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
အစ္စရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ ဒုံးကျည်နဲ့ ပစ်ခတ်ခံရမှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်မြို့တော် ဘေရွတ်ကို အစ္စရေးက တိုက်ခိုက်ရာမှာ ဟစ်ဇ်ဘိုလာရဲ့ အကြီးတန်း စစ်ဦးစီးမှူး သေဆုံးပြီး ၂၄ နာရီမပြည့်ခင် တီဟီရန်မှာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့တာပါ။
တရုတ်၊ ရုရှား၊ အယ်လ်ဂျီးရီးယားနဲ့ တခြားနိုင်ငံတွေဟာ အီရန်မှာ ဟာနီယက် လုပ်ကြံခံရမှုကို ရှုတ်ချခဲ့ပြီး အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့က ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် အီရန်က ပံ့ပိုးကူညီမှုနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ်ဝုဒ်က အီရန်အပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အစ္စရေးက တခြားသူတွေအပေါ် အီရန်ကိုယ်စားပြု ဆန့်ကျင်မှုနဲ့ ပဋိပက္ခတွေ ပြင်းထန်လာနေတာကို ရပ်တန့်အောင် ဖိအားတိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။