အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် ဒယ်လ်ရေး ကမ်းခြေဒေသမှာ ဒီဇင်ဘာ ၂၈ ရက်က မီးရထားတစ်စီးနဲ့ မီးသတ်ကားတို့ တိုက်မိပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ CNN သတင်းအရသိရပါတယ်။

အော်လန်ဒိုနဲ့ မိုင်ယာမီအကြား ပြေးဆွဲနေတဲ့ Brightline ရထားလိုင်းက ရထားတစ်စီးနဲ့ မီးသတ်ယာဉ်တစ်စီးတို့ မတော်တဆ တိုက်မိတာပါ။
ဒီ့အတွက် မီးသတ်သမား ၃ ဦးနဲ့ ရထားပေါ်က ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး လူအသေအပျောက်တော့ မရှိဘူးလို့ သိရပါတယ်။

မီးသတ်သမား ၃ ဦးကို အနီးအနားက ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး ရထားပေါ်က ဒဏ်ရာအနည်းငယ်ရရှိသူ ၁၂ ဦးကိုတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပေးခဲ့ပါတယ်။

အခုလို မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဒယ်လ်ရေး ကမ်းခြေ ရဲဌာန၊ ရထားလိုင်းတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက စစ်ဆေးနေပါတယ်။