အမေရိကန်က ဂရင်းလန်းကို ဝယ်ယူမဲ့အစီအစဉ်ကို ဆန့်ကျင်မှုကြောင့် ဥရောပနိုင်ငံ အများအပြားကို အခွန် ကောက်ခံမယ်လို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရက ခြိမ်းခြောက်မှုကြောင့် ကုန်သွယ်ရေးစစ်ပွဲအပေါ် စိုးရိမ်မှု တွေ ပြန်လည်အသက်ဝင်လာတဲ့အတွက် ဇန်နဝါရီ ၁၉ ရက်မှာ ရွှေနဲ့ငွေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပြီး ရှယ်ယာဈေးကွက်အများစု ကျဆင်းခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

ထရမ့်ဟာ အမျိုးသားလုံခြုံရေးလိုအပ်ချက်တွေကို အကြောင်ပြပြီး ဝါရှင်တန်က မြောက်အတ္တလန္တိတ်ကျွန်းဖြစ်တဲ့ ဂရင်းလန်းကို ထိန်းချုပ်မယ်လို အခိုင်အမာပြောပြီး အခုလအတွင်း မြင့်တက်လာနေတဲ့ ပထဝီနိုင်ငံရေးတင်းမာမှု တွေကို ပိုမိုကျယ်ပြန့်လာစေခဲ့ပါတယ်။

ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေနဲ့ပတ်သက်တဲ့ “ အခြေခံသဘောထားကွဲလွဲမှု” ကို ဖြေရှင်းတဲ့ ဆွေးနွေးပွဲ တွေ ပျက်ပြားခဲ့ပြီးနောက် သူ့တောင်းဆိုချက်တွေကို လိုက်နာဖို့ငြင်းဆန်တဲ့ နိုင်ငံ ၈ နိုင်ငံကို အခွန်အသစ်တွေ ကောက်ပြီး တုံ့ပြန်မယ်လို ထရမ့်က ဇန်နဝါရီ ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ယူနိုက်တက်ကင်းဒမ်း၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး အခွန် ၁၀ ရာခိုင် နှုန်း ကောက်ခံမှာဖြစ်ပြီး ဂရင်းလန်းကျွန်းကိုရယူဖို့ ဆောင်ရွက်တာကို ငြင်းပယ်ရင် ဇွန်လ ၁ ရက်ကစပြီး ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ်လို ထရမ့်က ပြောကြားထားတာ ဖြစ်ပါတယ်။




