ဟားမာ့စ်နဲ့ ဖာတာ အဖွဲ့တို့ အပါအဝင် ပါလက်စတိုင်း အုပ်စုတွေဟာ သဘောကွဲပြားမှုတွေကို အဆုံးသတ်ပြီး ယာယီညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းဖို့ သဘောတူညီရရှိခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အင်္ဂါနေ့က တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ် ပြီးဆုံးသွားခဲ့တဲ့ စေ့စပ်ညှိုနှိုင်းပွဲတွေမှာ ပါလက် စတိုင်းအဖွဲ့တွေကြား အခုလို နိုင်ငံရေး သဘောတူညီမှုရရှိနိုင်ခဲ့ကြတာပါ။

ဇူလှိုင် ၂၁ ရက်ကနေ၂၃ ရက်နေ့အထိ ပေကျင်းမြို့တော်မှာ ပါလက်စတိုင်းအဖွဲ့ (၁၄)ဖွဲ့တို့ စေ့စပ်ညှိုနှိုင်းမှု ပြီးဆုံးသွားချိန်မှာ ပေကျင်းကြေညာချက်လို့ အမည်ပေးထားတဲ့ အဲဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အခုစေ့စပ်ညှိုနှိုင်းမှုရဲ့ အနှစ်သာရ က ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့(PLO)ဟာ ပါလက်စတိုင်းပြည်သူတွေကို ကိုယ်စားပြုတဲ့ တစ်ခုတည်း သော တရားဝင်ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးခြင်းဖြစ်တယ်လို့ တရုတ် နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
အခုရရှိတဲ့ ပါလက်စတိုင်းအုပ်စု တွေကြား သဘောတူညီချက်ဟာ တရုတ်နိုင်ငံအတွက် သံတမန်ရေး အောင်ပွဲတစ်ခုဖြစ်သလို အရှေ့အလယ်ပိုင်း ဒေသတွင်း တရုတ်နိုင်ငံရဲဩဇာကြီးထွားလာမှုရဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်လာပါတယ်။
အရှေ့အလယ်ပိုင်းဒေသ တွင်းက မဟာရန်သူတော်နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား ယီမင်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိအောင် ပြီးခဲ့တဲ့နှစ်က ပေကျင်းဟာ အောင်အောင်မြင်မြင်နဲ့ ကြားဝင် စေ့စပ်ပေးနိုင်ခဲ့ပါတယ်။