ထိုင်းလေတပ်က ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို F-16 တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထိုင်းလေတပ်ကို ကိုးကားပြီး The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားစစ်တပ်ကလည်း ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်က အရပ်သားတွေရှိရာနေရာတွေကို BM-21 ဒုံးကျည် တွေ နဲ့ ဒီကနေ့ ဒီဇင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲမှာ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားဘက်က တနင်္လာနေ့ မနက်ပိုင်းမှာပြုလုပ်တဲ့ ပစ်ခတ်မှုကြောင့် ထိုင်း စစ်သား ၂ ဦး သေဆုံးပြီး နောက်ထပ် ၄ ယောက် ဒဏ်ရာရတယ်လို့ ထိုင်းဘက်ကပြောပါတယ်။ကမ္ဘောဒီးယားဘက်ကတော့ ဒီတိုက်ခိုက်မှုကို ထိုင်းဘက်က စတင်တာဖြစ်ပြီး တုံ့ပြန်ခဲ့တာမရှိခဲ့ဘူးလို့ ပြောပါတယ်။

ထိုင်းသတင်းတွေမှာတော့ ကမ္ဘောဒီးယားစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ရေးအဖွဲ့တွေ ရွေ့လျားမှုတွေ ရှိနေတယ်လို့ သတင်းရရှိပြီး ဒါဟာ ထိုင်းနိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်လာနိုင်တာကြောင့် ထိုင်းဘက်က F-16 လေယာဉ် စေလွှတ်ပြီး အခုလို တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။




