မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေမှာပညာသင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူတွေမှာ တီဘီရောဂါရှိမရှိ စမ်းသပ်ရှာဖွေရေးစီမံချက်ကို ဒီဇင်ဘာ၁၆ရက်ကစပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီ၉ရက်အထိ လုပ်ဆောင်နေပြီဖြစ်တယ်လို့ မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

တီဘီရောဂါရှိမရှိကို ကျန်းမာရေးဝန်ထမ်းတွေက ချောင်းဆိုးတာနှစ်ပတ်ကျော်မကျော်၊ ကိုယ်အလေးချိန်လျော့ကျမှုရှိမရှိ၊ အစာစားချင်စိတ်ရှိမရှိ၊ လည်ပင်း၊ ဂျိုင်းနဲ့ပေါင်ခြံမှာ အကြိတ်ရှိမရှိစတဲ့ အချက်၈ချက်ကို ကျောင်းသား၊ ကျောင်းသူတွေကိုမေးမြန်းပြီး စစ်ဆေးပေးနေတာပါ။မကွေးမြို့မှာ လူဦးရေထူထပ်လာပြီဖြစ်လို့ တီဘီရောဂါကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ စီမံချက်ရေးဆွဲဆောင်ရွက်နေတာဖြစ်တယ်လို့ မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်နှင့်ကလေးကျန်းမာရေးတာဝန်ခံ ဆရာမဒေါ်ဌေးဌေးမော်က ပြောပါတယ်။

တီဘီရောဂါသံသယရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို တီဘီဌာနက လိုအပ်တဲ့စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။