ထရမ့်၏အကျင့်ပျက်မှုနှင့်အက်ပ်စတိန်းအမှု ဒီမိုကရက် စုံစမ်းစစ်ဆေးမည်
One News
Nov 19, 2026
အမေရိကန်အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရဲ့ နောက်လာမယ့် ဥက္ကဋ္ဌဖြစ်လာဖို့ ရှိနေတဲ့ ဒီမိုကရက် အမတ် ရောဘတ် ဂါစီယာဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေရဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေ၊ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းဖိုင်တွေအပြင် ထရမ့်အစိုးရရဲ့ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ တင်းကျပ်တဲ့ လုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ဂါစီယာဟာ ဗုဒ္ဓဟူးနေ့မှာ ထရမ့်ရဲ့ အဓိကမဟာမိတ်တွေ၊ အိမ်ဖြူတော် အရာရှိဟောင်းတွေနဲ့ မိသားစုဝင်တွေ အပါအဝင် လူ ၁၂ ဘောက်ထံ စာပေးပို့ခဲ့ပါတယ်။ အဲဒီစာတွေဟာ လာမယ့် ဇန်နဝါရီလမှာ ကွန်ဂရက်လွှတ်တော် ရဲ့ ကြီးကြပ်စစ်ဆေးရေးတာဝန်တွေကို ဒီမိုကရက်တစ်ပါတီက ပိုမိုရရှိလာတဲ့အခါ ဘယ်အကြောင်းအရာတွေကို ဦးစားပေးစုံစမ်းမလဲဆိုတာ ဖော်ပြနေတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ဂါစီယာဟာ ဒီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာပိုမိုရရှိလာတဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ဒီမိုကရက်တစ်ပါတီအနေနဲ့ လွှတ်တော်ရဲ့ ကြီးကြပ်စစ်ဆေးနိုင်တဲ့ အာဏာ ကို အသုံးပြုပြီး ထရမ့်အစိုးရရဲ့ ကိုယ်ကျိုးစီးပွားအတွက် အာဏာအသုံးချမှု၊ စည်းကမ်းဖောက်ဖျက်မှုနဲ့ အာဏာ အလွဲသုံးစားလုပ်မှုတွေကို အဆုံးသတ်သွားမယ်လို့ ပြောထားပါတယ်။
ဂါစီယာ ပေးပို့ခဲ့တဲ့စာတွေထဲမှာ ထရမ့်ရဲ့ မိသားစုဝင်တွေ၊ အိမ်ဖြူတော်အကြီးအကဲ စတီဖင် မီလာ၊ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်၊ ရှေ့နေချုပ် တော့ဒ် ဘလန့်ချ်နဲ့ အိမ်ဖြူတော်အကြီးအကဲဟောင်း ဆူစီ ဝိုင်းလ်စ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ထရမ့်ရဲ့ မိသားစုဝင်တွေနဲ့ အစိုးရအရာရှိတွေအကြား အကျိုးစီးပွားပဋိပက္ခ ဖြစ်နိုင်ခြေရှိတဲ့ကိစ္စရပ်တွေ အပါအဝင် အစိုးရရဲ့ အာဏာအလွဲသုံးစားလုပ်မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို မဖျက်ဆီးဘဲ ထိန်းသိမ်းထားဖို့လည်း ဂါစီယာက တောင်းဆိုထားပါတယ်။ဒါပေမဲ့ အခုလို စာပေးပို့တာဟာ တစ်စုံတစ်ဦးက ဥပဒေချိုးဖောက်ခဲ့တယ်၊ အမှားတစ်ခုခု လုပ်ခဲ့တယ်ဆိုတဲ့ သက်သေ မဟုတ်ဘဲ နောက်ပိုင်းမှာ တရားဝင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာနိုင်တယ်ဆိုတဲ့ အရိပ်အယောင် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ လော်ရန် ဘစ်ကတော့ ထရမ့်ဟာ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့် ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ်ပါတီက အခြေအမြစ်မရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ အစွန်းရောက် လက်ဝဲဝါဒဆိုင်ရာ မူဝါဒတွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ရာရောက်လိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
APEC ၌ ထရမ့်၏ဩဇာ လျော့ကျနိုင်ဟု စီးပွားရေးပညာရှင် သုံးသပ်
One News
Nov 19, 2026 11ပြင်သစ်ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင် အလီစီယာ ဂါစီယာ-ဟာရဲရိုက အခုကျင်းပနေတဲ့ APEC ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သိပ်ပြီး ထင်ထင်ရှားရှား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။
-
နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးရန်ရှိဟု ထရမ့် ပြော
-
APEC အစည်းအဝေး၌ AI နည်းပညာအန္တရာယ် သတိထားရန် ထရမ့် ပြော
-
အမေရိကန်အဝေးပြေးလမ်းမများပေါ် Robotaxi ပြေးဆွဲမှု Waymoယာယီရပ်ဆိုင်း
-
United Airlines ၏နည်းပညာစနစ် ချို့ယွင်းမှု ပြေလည်ပြီဟု ကြေညာ
-
အမေရိကန်တွင် လေကြောင်းခရီးစဉ် နှောင့်နှေးမှုများ ဆက်ဖြစ်နေ