မြန်မာနိုင်ငံအနေနဲ့ တရုတ်ယွမ်ငွေကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် တရားဝင်သုံးစွဲနိုင်တဲ့ ငွေကြေးအဖြစ် လက်ခံခဲ့တာကြောင့် တရုတ်လုပ်ငန်းရှင်တွေ မြန်မာမှာလာရောက်ရင်းနှီးမြှုပ်နှံမှု ပိုမိုလွယ်ကူချောမွေ့စေခဲ့တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ-တရုတ် တူညီအနာဂတ်လူ့အဖွဲ့အစည်း အတူ တကွဖော်ဆောင်မှုမျှဝေခြင်းအခမ်းအနားမှာ သံအမတ်ကြီး မစ္စမာကျားက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။တရုတ်အနေနဲ့ မြန်မာရဲ့ အခွန်စည်းကြပ်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ကုန်ပစ္စည်းတွေအပေါ် အကောက်ခွန်ကင်းလွတ် ခွင့်ပေးထားတဲ့အပြင် မြန်မာ့စိုက်ပျိုးမွေးမြူရေးနဲ့ ရေထွက်ကုန်ပစ္စည်းတင်သွင်းခွင့်ကိုလည်း တိုးမြှင့်ပေးနေတယ် လို့ သံအမတ်ကြီး မစ္စမာကျားက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် မတည်ငွေရင်းကို တရုတ်ငွေကြေးဖြစ်တဲ့ယွမ်နဲ့ လက်ခံဆောင်ရွက် ပေးနေတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အခုနှစ် မတ်လအတွင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ် သလို ရင်းနှီးမြှုပ်နှံမှုမှာလည်း တရုတ်က မြန်မာမှာ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှုပြုထားတဲ့နိုင်ငံတစ်ခုဖြစ်ပါ တယ်။မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍမှာ တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံနေကြပြီး ရထားလမ်း၊ ဆိပ်ကမ်း၊ စက်မှု ဇုန်တည်ဆောက်ရေးလုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။တရုတ်ယွမ်ငွေကြေးဟာ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ခိုင်မာလာသလို အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ရဲ့ ငွေကြေးခြင်းတောင်းထဲမှာ ယွမ်ငွေကြေးလည်း ပါဝင်လာပြီဖြစ်ပါတယ်။



