ရန်ကုန်မြို့ တရုတ်တန်း (၁၉)လမ်းကို နိုင်ငံတကာအဆင့်မီဖြစ်အောင် ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လသာမဲဆန္ဒနယ် ဦးနေဝင်းက ပြောပါတယ်။ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရက် ၁၀၀ စီမံချက်နဲ့ လမ်းမပေါ် မှာ ဆိုင်ခင်း၊ ခုံခင်းရောင်းချတာတွေ မလုပ်ဖို့နဲ့ လမ်းဘေးဈေးသည်တွေအနေနဲ့လည်း ဝင်မရောင်းဖို့ တားမြစ်ခဲ့ တယ်လို့ ဈေးရောင်းချသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ (၁၉)လမ်းကို စည်းကမ်းတကျဖြစ်အောင် အလှမီးပုံးတွေတပ်ဆင်တာအပြင် စည်းကမ်းတကျနဲ့ ကားတွေသွား လာနိုင်တဲ့အထိ နေရာချန်ထားပြီး ရောင်းချကြဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ပြောပါတယ်။ (၁၉)လမ်းဟာဆိုရင် ရန်ကုန်မြို့ရဲ့ နာမည်ကျော်အပန်းဖြေ သွားလာစားသောက်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြန်လည်အဆင့်မြှင့်တင်ပြီး ကော်မတီဖွဲ့ကာ လမ်းသွားလမ်းလာ ပြည်သူတွေ၊ မော်တော်ယာဉ် တွေ အနှောင့်အယှက်မဖြစ်စေဖို့အတွက် ဆိုင်ရှင်တွေအနေနဲ့ စည်းကမ်းတကျ ရောင်းချကြဖို့ တွေ့ဆုံပြောကြားခဲ့ တယ်လို့ ဆိုပါတယ်။

အခုလို လုပ်လိုက်တာကြောင့် ပိုပြီးကောင်းသွားတယ်လို့ (၁၉)လမ်းမှာ ဆိုင်ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။(၁၉)လမ်းမှာ နာမည်ကြီးညဈေးနဲ့ ဘီယာ၊ အကင်တန်းတစ်ခု ရှိပါတယ်။ အထူးသဖြင့် လသာမြို့နယ် တရုတ်တန်း (Chinatown)ရဲ့ အချက်အချာကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံခြားသား၊ခရီးသွားတွေရော၊ ပြည်တွင်းကလူကြီး၊လူငယ်၊လူရွယ်တွေပါ မဖြစ်မနေ လာရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။


