မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)ကို ဩဂုတ် ၁၈ ရက်၊ မနက်ပိုင်းကစပြီး မြန်မာဘက်ခြမ်းက ယာယီ ပိတ်လိုက်တဲ့အတွက် ထိုင်းဘက်က တင်သွင်းရတဲ့ သွင်းကုန်ပစ္စည်းတွေ ပြတ်လပ်နိုင်ပြီး ဈေးတွေတက်လာနိုင် တယ်လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။

ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ အမှတ်(၂) ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့်ကို မြန်မာဘက်က ယာယီပိတ်လိုက်လို့ လတ်တလောမှာ ထိုင်း-မြန်မာ ကုန်သွယ်မှု ရပ်တန့်သွားပြီး ကုန်ကား ၅၀၀ လောက် ပိတ်မိ နေတယ်လို့ ဆိုပါတယ်။လတ်တလော တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ဖျက်သိမ်းထားတာနဲ့ ကုန်ကားတွေ သွင်းကုန်လိုင်စင်လျှောက်ထားဆဲ အခြေအနေတွေကြောင့် အမှတ်(၂) ချစ်ကြည်ရေးတံတားကို မြန်မာဘက်က ယာယီပိတ်လိုက်တာ ဖြစ်တယ်လို့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရင်တော့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)ကို ပြန်ဖွင့်ပြီး တော့ ထိုင်းဘက်က ကုန်စည်တွေကို ပြန်လည်တင်သွင်းခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမှတ်(၂)ချစ်ကြည်ရေးတံတား ယာယီပိတ်လိုက်တဲ့အတွက် ထိုင်းဘက်က တင်သွင်းနေတဲ့ ကုန်စည်တွေ ပြတ် လပ်နိုင်ပြီး ဈေးတွေလည်း တက်လာနိုင်တယ်လို့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောပါတယ်။မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)ကို ယာယီပိတ်လိုက်တဲ့အတွက် ထိုင်းဘက်က တင်သွင်းတဲ့ ကုန်စည် တွေ ပြတ်လပ်လာနေသလို ဈေးတွေလည်း တက်လာနိုင်တယ်လို့ မြဝတီမြို့ခံတွေကလည်း ပြောပါတယ်။တံတားပိတ်ထားတာကြောင့် မဲဆောက်မှာ ကုန်ကားတွေ ပိတ်မိနေပြီး အများစုကတော့ စားသောက်ကုန်၊ လူသုံး ကုန်၊ ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ပစ္စည်းတွေ တင်သွင်းမယ့် ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေး တံတားကို ယာယီပိတ်လိုက်ပေမယ့် ချစ်ကြည်ရေး တံတားအမှတ်(၁) မှာတော့ ပုံမှန်အတိုင်း ဖွင့်ထားပြီး နှစ်နိုင်ငံသွားလာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။



