မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ဖို့အတွက် နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

ဇန်နဝါရီလ(၅)ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက သံအမတ်ကြီး H.E. Ms. Ma Jia ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံချိန်မှာ အခုလို ထည့်သွင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။တွေ့ဆုံရာမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ကုန်ပစ္စည်းတွေရဲ့ အရည်အသွေး စံချိန်စံနှုန်း ပြည့်မီစေဖို့ အတွက် လိုအပ်တဲ့စက်ကိရိယာနဲ့ နည်းပညာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ တရုတ်ကို အခွန်ကင်း လွတ်ခွင့်နဲ့ တင်ပို့ဖို့ ခွင့်ပြုထားတဲ့အမယ်တွေ ပိုမိုတိုးမြှင့်ရရှိနိုင်မဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအပြင် နှစ်နိုင်ငံနယ်စပ်ပြည်သူတွေ အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမဲ့ ကိစ္စရပ် တွေ အပါအဝင် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေဖို့ ဆောင်ရွက်နိုင်မဲ့ အလားအလာတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။လက်ရှိမှာတော့ တရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မူဆယ်နဲ့ ကျင်စန်းကျော့ စတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်သွယ်မှုတွေ ရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။




