မက္ကဆီကိုနဲ့ကနေဒါတို့ရဲ့ ကားတင်သွင်းမှုအပေါ် သွင်းကုန်ခွန်ကို အမေရိကန်က တစ်လ ဆိုင်းငံ့လိုက်ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မော်တော်ယာဥ်ထုတ်လုပ်သူတွေအတွက် ထရမ့်ချမှတ်ထားတဲ့ အခွန် ၂၅ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ရရှိမှာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။

မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေကနေ မော်တော်ယာဉ်တင်သွင်းမှု အပေါ်မှာ သွင်းကုန်ခွန် နှုန်းထားသစ် ၂၅ ရာခိုင်နှုန်း ကောက်ယူရေးကို တစ်လ ဆိုင်းငံ့လိုက်ကြောင်း သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာပါ။အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စည်းကြပ်ခွန်အချို့ကို လျှော့ပေါ့ပေးမယ်ဆိုရင် သူတို့ဘက်ကလည်း အမေရိကန်အပေါ် အခွန်စည်းကြပ်မှုကို လျှော့ချဖို့ ဆန္ဒရှိတယ်လို့ ကနေဒါအစိုးရက ပြောကြားထားပါတယ်။

သွင်းကုန်ခွန် ဆိုင်းငံ့ကြောင်း မကြေညာမီက သမ္မတထရမ့်ဟာ Ford ၊ General Motors နဲ့ Stellantis လုပ်ငန်း ကြီးတွေက ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက သတင်းထောက် တွေကို ပြောပါတယ်။