ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုးက စက်တင်ဘာလကထက် ကျပ် ၃၃၆ သန်းကျော် လျော့ကျခဲ့တာကို ရန်ကုန်စတော့အိတ်ချိန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။စက်တင်ဘာလတုန်းက စတော့ရှယ်ယာအရေအတွက် ၃၂၀၀၀၀ ကျော်နဲ့ အရောင်းအဝယ်တန်ဖိုး ကျပ် ၈၆၇ သန်း ကျော်အထိ အရောင်းအဝယ်ရှိခဲ့ပြီး အောက်တိုဘာလမှာတော့ စတော့ရှယ်ယာအရေအတွက် ၁၅၀၀၀၀ ကျော်နဲ့ အရောင်းအဝယ်တန်ဖိုး ကျပ်သန်း၅၃၀ ကျော်သာ အရောင်းအဝယ်ရှိခဲ့တာပါ။

ဒါ့ကြောင့် ကာလတူချင်းနှိုင်းယှဉ်ရင် အရောင်းအဝယ်တန်ဖိုး ကျပ် ၃၃၆ သန်းကျော် လျော့နည်းခဲ့တာဖြစ်ပါ တယ်။ရန်ကုန်စတော့အိတ်ချိန်း Main Board အပြင် ဒုတိယဈေးကွက်ဖြစ်တဲ့ Pre Listing Board မှာလည်း အောက်တို ဘာလအတွင်း စတော့ရှယ်ယာစောင်ရေ ၁၆၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တန်ဖိုးအနေနဲ့ ကျပ် ၄၃ သန်း ကျော် ရှိပါတယ်။လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ Pre –Listing Board မှာ လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့ကုမ္ပဏီတစ်ခုတို့က စတော့ရှယ်ယာတွေ နေ့စဉ် အရောင်းအဝယ်ဆောင်ရွက်နေပါ တယ်။

မကြာခင်မှာလည်း Pre –Listing Board မှာ လယ်ယာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ အများပိုင်ကုမ္ပဏီ တစ်ခု ထပ်မံဝင်ရောက်ကာ စတော့ရှယ်ယာတွေ ရောင်းချမယ်လို့ ရန်ကုန်စတော့အိတ်ချိန်းက သိရပါတယ်။ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာဖို့ အတွက် စာရင်းဝင်ကုမ္ပဏီတွေအနေနဲ့ ဘဏ္ဍာရေးကောင်းမွန်ဖို့လိုသလို ကုမ္ပဏီရဲ့ အနာဂတ်အလားအလာ စွမ်းဆောင်ရည်တွေကို ရင်းနှီးမြှုပ်နှံသူသိအောင် အမြဲဖော်ပြပေးနေဖို့လည်း လိုအပ်တယ်လို့ စတော့ရှယ်ယာ ဈေးကွက်ကျွမ်းကျင်သူတချို့က ပြောပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းဟာ အရှေ့တောင်အာရှမှာ နောက်ဆုံးမှဖွင့်လှစ်တဲ့ အိတ်ချိန်းတစ်ခုဖြစ်ပါတယ်။




