ရန်ကုန်အထိုင်ဈေးလက်ကားရည်ညွှန်းဈေးအဖြစ် စက်တင်ဘာလ ၂ ရက်ကနေ ၈ ရက်အထိ စားအုန်းဆီတစ်ပိဿာကို ၆၄၉၀ ကျပ်သတ်မှတ်ထားတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့အပတ်ကတော့ ရန်ကုန်အထိုင်ဈေးလက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၆၃၇၅ ကျပ် သတ်မှတ်ခဲ့တဲ့အတွက် အခုအပတ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ၁၁၅ ကျပ် ထပ်မံမြင့်တက်လာတာကိုတွေ့ရပါတယ်။
စားအုန်းဆီရည်ညွှန်းဈေးတွေကို စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ ဘဏ်စရိတ်တွေ၊ အခွန်အခတွေထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့်အခြေခံလက်ကားရည်ညွှန်းဈေးတွေကို ထုတ်ပြန်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာနဲ့မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်။