ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ မဖြစ်ပေါ် စေရေးအတွက် ဥပဒေနဲ့အညီ မှတ်ပုံတင်တာ၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ်(Passport for Job-PJ)လျှောက်ထားရယူတာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) လျှောက်ထားရယူ တာတွေ ဆောင်ရွက်ကြဖို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

ဥပဒေနဲ့အညီ လျှောက်ထားရယူဆောင်ရွက်တာတွေ မရှိဘဲ ပြည်ပအလည်အပတ်နိုင်ငံကူးလက်မှတ် (Passport for Visit-PV)ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင်ဗီဇာတွေရယူကာ လေကြောင်းခရီးနဲ့ ပြည်ပ ထွက်ခွာဖို့ ဆောင်ရွက်နေတာတွေ ရှိနေပါတယ်။ အဲဒီလို လုပ်ဆောင်တာတွေကြောင့် သက်ဆိုင်ရာက လေဆိပ်မှာ စိစစ်တဲ့အခါ သတ်မှတ်ချက်တွေနဲ့မကိုက်ညီတဲ့ အတွက် ပြည်ပကို ထွက်ခွာခွင့် မရတာနဲ့ လေယာဉ်လက်မှတ်ခ အပါအဝင် အခြားကုန်ကျစရိတ်တွေ ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ဒါ့ကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အခုလို တိုက်တွန်းနှိုးဆော်အသိပေးတာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။




