ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို လက်ရှိ၇ရာခိုင်နှုန်းကနေ ၉ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ဗဟိုဘဏ်က ဩဂုတ် ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။
ဘဏ်တွေကအပ်ငွေတွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ရာခိုင်နှုန်းနဲ့ ချေးငွေတွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကိုလည်း ၁၅ရာခိုင်နှုန်း သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘဏ်တွေအနေနဲ့ မိမိတို့ရဲ့ အမြတ်အစွန်းရနိုင်စွမ်းနဲ့ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနဲ့ ချေးငွေအတိုးနှုန်းထားတွေကို ၇ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအတွင်း သတ်မှတ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော်ရဲ့မူဝါဒအရ လက်ရှိထုတ်ချေးပေးနေတဲ့ အထူးချေးငွေတွေရဲ့ အတိုးနှုန်းတွေကတော့ ပြောင်းလဲမှုမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အခုအတိုးနှုန်းပြင်ဆင်ချက်ဟာ စက်တင်ဘာ၁ရက်ကစပြီး အကျိုးသက်ရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အတိုးနှုန်းတွေ ပြင်ဆင်သတ်မှတ်တာဟာ ငွေကြေးဖောင်းပွမှုနှုန်း အထိုက်အလျောက်လျော့ကျစေဖို့၊ ပြည်သူတွေအနေနဲ့ ဘဏ်အပ်ငွေကနေ အတိုးဝင်ငွေပိုမိုရရှိစေဖို့၊ ဘဏ်တွေရဲ့ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြင်ဆင်သတ်မှတ်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။