မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း ၃၄၁၀ ကျပ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၉၀ နီးပါးကို ဩဂုတ် ၁၉ ရက်က ထုတ်ရောင်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်း ကုန် လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ တစ်ရက်တည်းမှာပင် ဗဟိုဘဏ်ရဲ့ ရောင်းချပေးမှုအပါအဝင် အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်အတွက် လွှဲပြောင်းမှု ၉၇ ကြိမ် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာပြီးနောက် အခုလို ကန်ဒေါ်လာ သန်း ၉၀ နီးပါးကို တစ်ရက်တည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ် ၁၉ ရက်က ငွေလဲနှုန်း ၄၈၆ ဒသမ ၈၀ ကျပ်နဲ့ တရုတ်ယွမ် ၁၅ သန်းကျော်၊ ငွေလဲနှုန်း ၁၀၄ ဒသမ ၁၀ ကျပ်နဲ့ ထိုင်းဘတ် ၁၂ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့တာကို ဗဟိုဘဏ်ရဲ့ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။