လာမယ့် မတ်လ ၅ ရက်ကနေ ၇ ရက်အထိ ထိုင်းနိုင်ငံ နွန်သဘူရီပြည်နယ်မှာ အာရှထိပ်တန်း ကုန်သွယ်မှုပြပွဲ (THAIFEX-HOREC Asia) ပြပွဲကြီးကို ၃ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ ပြပွဲအတွင်းမှာ နိုင်ငံပေါင်း ၂၂ နိုင်ငံက ပြခန်းပေါင်း ၄၅၀ ကျော် ပါဝင်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

HOREC Asia 2025 ပြပွဲမှာ ပါဝင် ခင်းကျင်းပြသသွားမယ့် ကုန်ပစ္စည်းတွေနဲ့ဝန်ဆောင်မှုတွေကတော့ မုန့်ဖုတ်လုပ်ငန်းနဲ့ရေခဲမုန့်၊ ကော်ဖီနဲ့ဘား၊ အဝတ်လျှော်စက်ပစ္စည်းတွေ၊ ပရိဘောဂနဲ့မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်ပြီး နည်းပညာနဲ့ကျန်းမာရေး ဆွေးနွေးပွဲ တွေလည်း ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြပွဲအတွင်း ပြိုင်ပွဲတွေနဲ့ ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်း အစုံအလင်ပါ၀င်တဲ့ အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Sanan က ပြောကြားထားပါတယ်။

HOREC (H.O.R.E.C) Asia 2025 ပြပွဲကို လာရောက်ကြည့်ရှုသူ နှစ်သောင်းကျော်ရှိမယ်လို့ မျှော်မှန်းထားပြီး အဲဒီပွဲကနေ ကုန်သွယ်မှုတန်ဖိုး အနည်းဆုံး ဘတ် ၄ ဘီလီယံ ကျော်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ HOREC (ဟိုရီကာ)Asia 2025 ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီပြပွဲဟာ ထိုင်းနိုင်ငံကို ဒေသတွင်း ထိပ်တန်း HoReCa အချက်အချာအဖြစ် ပြသဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။