ကြိုတင်ပြီးခန့်မှန်းသတင်းတွေထွက်ပေါ်နေတဲ့အတိုင်းအညူတင်ချန်ဗီရာကူလ်ဟာ ထိုင်းနိုင်ငံရဲ့၃၂ဦးမြောက်ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။ဝန်ကြီးချုပ်ဟောင်းပေထုန်တန် ရှီနာဝတ်ထ်ကိုထိုင်းအခြေခံဥပဒေခုံရုံးက ကျင့်ဝတ်ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ထုတ်ပယ်ခဲ့တဲ့နောက် လစ်လပ်နေတဲ့ရာထူးမှာဆက်ခံဖို့ အညူတင်ကိုစက်တင်ဘာ ၅ ရက်နေ့မှာ လွှတ်တော် အမတ်တွေက မဲပေး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပေထုန်တန်ရဲ့ ဖျူထိုင်းပါတီဟာညွန့်ပေါင်းအစိုးရရဲ့အာဏာဆုပ်ကိုင်မှုကိုဆက်ပြီးထိန်းချုပ်ထားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်းအဓိကအင်အားကြီးအတိုက်အခံဖြစ်တဲ့ပြည်သူ့ပါတီရဲ့ထောက်ခံမှုကိုရသွားခဲ့သူ ကွန်ဆာ ဗေးတစ်ပါတီဘွန်ဂျိုင်ထိုင်းရဲ့ခေါင်းဆောင်အညူတင်ကသာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ အဆိုပြု ဝန်ကြီးချုပ်လောင်းတွေကို မဲမပေးခင် ကတည်းက စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးဖြစ်တဲ့ အညူတင်ဟာ ဖျူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်း ချိုင်ကာဆမ် နီတီဆီရီထက် အလားအလာ ပိုကောင်းနေခဲ့တာပါ။လွှတ်တော်ရဲ့မဲပေးမှုတွေအရအညူတင်ဟာထိုင်းနိုင်ငံရဲ့ ၃၂ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာပြီး ဖျူထိုင်းပါတီ အတွက်ကတော့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။

မဲရေတွက်မှုတွေမပြီးဆုံးခင်၊ရလဒ်ကိုတရားဝင်မကြေညာခင် ကတည်းက ထိုင်းမီဒီယာတွေက အညူတင် ဝန်ကြီးချုပ်နေရာအတွက် သေချာသွားတယ် ဆိုတာကို ဖော်ပြခဲ့ကြပါတယ်။အညူတင်ရဲ့ဘွမ်ဂျိုင်ထိုင်းပါတီဟာအရင်ကဖျူထိုင်းဦးဆောင်တဲ့ညွန့်ပေါင်းအစိုးရထဲမှာပါဝင်ခဲ့ပေမယ့်ဖေထုံတန်နဲ့ကမ္ဘောဒီးယား ဝန်ကြီး ချုပ် ဟွန်ဆန်တို့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှု နောက်ပိုင်းမှာ နုတ်ထွက်ခဲ့တာပါ။ ဘွမ်ဂျိုင်ထိုင်းဟာထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိနေပြီးအဲဒီအသံဖိုင်ထဲမှာ ဖေထုံတန်က ထိုင်းစစ်တပ်ကို ပုတ်ခတ် ပြောဆိုထားတဲ့အတွက် အညူတင်က ဆန္ဒပြတဲ့ အနေနဲ့ ညွန့်ပေါင်း အစိုးရကို ကျောခိုင်းခဲ့တာပါ။ပေထုံတန် ထုတ်ပယ်ခံရပြီးနောက်မှတော့ သူက ဝန်ကြီးချုပ် နေရာအတွက် အားထည့် ယှဉ်ပြိုင်မယ့် သဘောထားကို ကြေညာခဲ့ပါတယ်။ ပြီးတော့ ပြည်သူ့ပါတီရဲ့ ထောက်ခံမှုကိုလည်း အရယူ စည်းရုံးနိုင်ခဲ့တာကြောင့်လည်းဖျူထိုင်းပါတီကအဆိုပြုခဲ့တဲ့ ချိုင်ကာဆမ်အပေါ် အသာစီးရခဲ့တာ ဖြစ်ပါတယ်။




