နိုဝင်ဘာလထဲမှာ ပြည်ပကနေ အမှာစာအသစ်ရရှိမှု မြင့်တက်ခဲ့တာကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှု အညွှန်းကိန်း (PMI) အနည်းငယ်ပြန်မြင့်တက်ခဲ့တယ်လို့ ကမ္ဘာ့စီးပွားရေးဆိုင်ရာအချက်အလက်တွေ၊ အညွှန်းကိန်း တွေကို ထုတ်ပြန်ပေးနေတဲ့ အမေရိကန်အခြေစိုက်ကုမ္ပဏီ S&P Global ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာလတုန်းက မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်းဟာ ၄၈ ဒသမ ၄ သာရှိရာကနေ နိုဝင်ဘာလမှာ အညွှန်း ကိန်းက ၄၉ ဒသမ ၈ ကို မြင့်တက်ခဲ့တာပါ။မြန်မာနိုင်ငံက ကုန်ထုတ်လုပ်သူတွေအတွက် အမှာစာအသစ်ရရှိမှုက လေးလဆက်တိုက် လျော့နည်းခဲ့ပြီးနောက် နိုဝင်ဘာလမှာတော့ အမှာစာအသစ်ရရှိမှုတွေ ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ လတ်တလော ကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်သားဈေးကွက် မတည်ငြိမ်မှုကြောင့် ကုမ္ပဏီတွေဟာ လုပ်သားအင်အားကို ထိန်းထားဖို့ ရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြင့်မားတဲ့ ဝန်ထမ်းအင်အားလျော့ကျမှုနဲ့ ပေးပို့ချိန်ကြာမြင့်မှုတို့အပါအဝင် လုပ်နိုင်စွမ်းဖိအားတွေကို ဖြစ်စေတဲ့ ထောက်ပံ့ရေးအပိုင်းက စိန်ခေါ်မှုတွေကို သိသိသာရင်ဆိုင်နေရသလို ဒီဝယ်လိုအားတိုးတက်မှုကို ဆက်ထိန်းထားပြီး ကုန်ထုတ်လုပ်မှုကို ဆွဲတင်နိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့အတွက်လည်း လာမယ့်လအနည်းငယ်မှာ အရေးပါလာမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။တစ်ဖက်မှာတော့ ဝန်ထမ်းအင်အားလျော့ကျမှုကြောင့် ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ် နေပြီး ကုန်ပစ္စည်းပြတ်လပ်မှု၊ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေနဲ့ သွင်းကုန်လိုင် စင်ရရှိဖို့အတွက် စိန်ခေါ်မှု တွေက ပြည်ပကို ကုန်ပစ္စည်းအော်ဒါတွေ အချိန်မီပြန်လည်ပေးပို့ရေးမှာ ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလထဲမှာ အမှာစာအသစ်ရရှိမှုမြင့်တက်ခဲ့ပေမယ့် အော်ဒါပေးပို့ချိန်နဲ့ လက်ကျန် အလုပ်တွေက ဆက်လက်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ S&P Global ဟာ ကုန်ထုတ်လုပ်ငန်းတွေဆီ မေးခွန်း တွေပေးပို့ပြီး ပြန်လည်ရရှိလာတဲ့ ဖြေကြားချက်တွေကို အခြေခံတွက်ချက်ကာ ကုန်ထုတ်လုပ်မှုအညွှန်းတွေ လစဉ်ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။