စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချမှုကို အခုအောက်တိုဘာလမှာ အိမ်ထောင်စု ၁ သိန်း ၈ သောင်းအထိ တိုးချဲ့ ဖြန့်ဖြူးရောင်းချဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီကနေသိရပါတယ်။
စားအုန်းဆီတွေ အိမ်အရောက်ရောင်းချမှုကို ဩဂုတ်လက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဩဂုတ်လမှာ အိမ်ထောင်စုတစ်သောင်း ရှစ်ထောင်လောက်၊ စက်တင်ဘာလမှာ အိမ်ထောင်စု တစ်သိန်းခွဲလောက်ထိ ပေးပို့ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး အခုအောက်တိုဘာလမှာတော့ အိမ်ထောင်စုတစ်သိန်းခွဲကနေ တစ်သိန်းရှစ်သောင်းအထိ တိုးချဲ့ဖြန့်ဖြူးသွားဖို့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အိမ်ထောင်စုတစ်စုကိုတော့ တစ်လအတွက် တစ်ကြိမ်ကိုသုံးပိဿာနှုန်းနဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်ရောင်းချပေးနေတာ ဖြစ်ပါတယ်။ စားအုန်းဆီတွေကို ဝယ်ယူရာမှာတော့ သတ်မှတ်ထားတဲ့ Call Center တွေကနေ အမှာစာတွေ လက်ခံပေးနေကာ ဈေးနှုန်းတွေကတော့ အပတ်စဉ်တနင်္လာနေ့တိုင်းထုတ်ပြန်တဲ့ လက်ကားရည်ညွှန်းဈေးကိုအခြေခံပြီး ကုန်ကျစရိတ်ကိုထည့်သွင်းတွက်ချက်ထားတဲ့ဈေးနှုန်းနဲ့ ရောင်းချဖြန့်ဖြူးပေးနေတာဖြစ်ပြီး ပို့ဆောင်ခကိုဝယ်သူဘက်မှပေးချေရမှာဖြစ်တယ်လို့သိရပါတယ်။