၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်းဧက ၅ သန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၆၈၈ ဘီလီယံ ထုတ်ချေးဖို့ လျာထားဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ၁/၂၀၂၅ အစည်းအဝေးကနေ သိရပါတယ်။အစည်းအဝေးကို ဇူလိုင်လ ၁၇ ရက် နေ့လယ် ၁ နာရီက စီမံကိန်းနှင့် ဘဏာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၂) အစည်းအဝးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းစားသုံးဆီ တိုးမြှင့်ထုတ်လုပ်ရေး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်တွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေကို ထုတ်ချေးပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေကြောင့် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှု မဖြစ်စေဖို့အတွက် ကြပ်မတ်ထိန်းသိန်းပေးရမှာဖြစ်ပြီး ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်တွေ ပြတ်လပ်မှုမရှိစေဖို့၊ ဈေးနှုန်း မြင့်တက်မှု မဖြစ်ပေါ်စေဖို့၊ ဒေသတစ်ခုကနေတစ်ခုကို ကုန်စည်စီးဆင်းမှုမှာ အခက်အခဲတွေ မရှိစေဖို့အတွက် ကြိုတင်စီမံပြီး ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အခြေခံစားသောက်ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေ ဈေးနှုန်း တည်ငြိမ်ဖို့၊ ပြည်တွင်းလိုအပ်ချက်နဲ့ ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတဖို့၊ ကုန်စည်စီးဆင်းမှု အဝင်အထွက် မှန်ကန်ဖို့နဲ့ ကုန်ဈေးနှုန်း တည်ငြိမ်မှု ပျက်ပြားစေမယ့် ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကြီးကြပ်ရေးလုပ်ငန်းတွေကို ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




