မကွေးတိုင်းဒေသကြီးအတွင်းမှာ အခုလိုဆောင်းဦးအစဆိုရင် ထန်းမြစ်တွေဖော်ပြီး ရောင်းချလေ့ရှိကြပါတယ်။ ပေါ်ဦးပေါ်စအချိန်ဖြစ်ပေမယ့် လက်ရှိမှာ ထန်းမြစ်ရှားပါးမှုနဲ့ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေတာကြောင့် ဈေးလည်းမြင့်တက်နေတယ်လို့ ရောင်းချသူတွေက ပြောပါတယ်။ မကွေးတိုင်းအတွင်းမှာ ထန်းမြစ်တွေကို တန်ဆောင်မုန်းလပြည့်နောက်ပိုင်းကနေ ပြာသိုလပြည့်နေအထိ လှိုင်လှိုင် ရောင်းချကြတာပါ။
ထန်းမြစ်ကို တစ်နှစ်တစ်ခါ ရာသီစာအဖြစ် ရောင်းချကြတာဖြစ်ပြီး လက်ရှိမှာ ထန်းမြစ် ဆယ်ချောင်းပါ တစ်စည်း ကို ၆၀၀ ကျပ်ကနေ ၈၀၀ ကျပ်အထိ အများစျေးနဲ့ရောင်းချကြတာ ဖြစ်ပါတယ်။ ထန်းမြစ်ရှားပါးသလို စျေးလည်း အနည်းငယ်မြင့်တက်နေတာကြောင့် ရောင်းအားကျပြီး တခြားနယ်တွေကို တင်ပို့ရတာလည်း မရှိဘူးလို့ ရောင်းချ သူ မအေးနွယ်စိုးက ပြောပါတယ်။
အရင်နှစ်တွေကတော့ အခုလိုကာလမှာ ထန်းမြစ်ရောင်းအားကောင်းပြီး ရန်ကုန်နဲ့တခြားဒေသတွေကို တင်ပို့ခဲ့ရ တယ်လို့ ဆိုပါတယ်။ ထန်းမြစ်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံချောင်းမြို့နယ်ထဲက ရွာတွေကနေ မှာယူ ရောင်းချကြတာပါ။ ရာသီစာဖြစ်တဲ့အတွက် စားသုံးမှုတော့ရှိနေသေးတယ်လို့ ရောင်းချသူတွေဆီကနေ သိရပါတယ်။