စီးရီးအေကလပ် ဂျီနိုအာအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမား ဗီအဲရာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ နိုဝင်ဘာလ(၂၀)ရက်က တရားဝင်ကြေညာပါတယ်။ ဂျီနိုအာအသင်းဟာ (၂၀၂၂) ခုနှစ်ကတည်းက အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြဂီလာဒီနိုနဲ့ လမ်းခွဲပြီးနောက် ဗီအဲရာကို နည်းပြ သစ်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အခုဘောလုံးရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေတဲ့ ဂျီနိုအာအသင်းဟာ စီးရီးအေ (၁၂)ပွဲကစားပြီးချိန်မှာ (၂)ပွဲသာ အနိုင်ရရှိထားတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေပါတယ်။ ကိုပါအီတလီယာ ဖလားပြိုင်ပွဲမှာလည်း ဆမ်ဒိုးရီးယားအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရသလို နောက် ပိုင်းပွဲစဉ်တွေမှာလည်း ဂျီနိုအာအသင်းရဲ့ရလဒ်တွေက ဆိုးရွားနေခဲ့တာကြောင့် နည်းပြ ဂီလာဒီနိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဗီအဲရာဟာ နည်းပြဘဝမှာ နိုက်စ်၊ ပဲလေ့စ်အသင်းတို့လို အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုတွေ ရရှိ အောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကစားသမားဘဝမှာ အာဆင်နယ်အသင်းကို အောင်မြင်မှုတွေရရှိအောင် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သူပါ။ ဂျီနိုအာအသင်းကတော့ နည်းပြဗီအဲရာဟာ အသင်းကို ရလဒ်ဆိုးတွေ ကနေ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂျီနိုအာအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တာကြောင့် ဗီအဲရာဟာ နိုက်စ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က လက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူး ဘာလော့ တယ်လီနဲ့ ပြန်လည်ပူးပေါင်းရတော့မှာလည်း ဖြစ်ပါတယ်။