ဘာစီလိုနာအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် စပိန်တောင်ပံကစားသမား ယာမယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ လာလီဂါ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ယာမယ်ဟာ အခုရာသီမှာ လာလီဂါ ချန်ပီယံဆုကို ဆက်ထိန်းနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းအတွက် အဓိက ကျတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့သလို ဘောလုံးရာသီတစ်ခုအတွင်း လာလီဂါတစ်လတာ အကောင်းဆုံး ကစား သမားဆုကို ၃ ကြိမ်ရယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယာမယ်ဟာ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအသင်းရဲ့ ရာသီပိတ်နောက်ဆုံး ၆ ပွဲကို လွဲချော်ခဲ့ရပေမယ့် အသင်းအတွက် လာလီဂါသွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြု လုပ် ပေးထားခဲ့သလို အသင်းရဲ့ ပြီးခဲ့တဲ့ရာသီ လာလီဂါသွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ယာမယ်က အံ့အားသင့်စရာ စွမ်းဆောင်မှုတွေနဲ့အတူ ပြီးခဲ့တဲ့ ရာသီမှာ ဘယ်ကစားသမားမှ လိုက်မမီနိုင်တဲ့ ခြေစွမ်းကိုလည်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ ဘာစီလိုနာအသင်း ကြေညာချက်မှာ ရေးထားခဲ့ပါတယ်။ ယာမယ်ဟာ လက်ရှိမှာလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှု အပြည့်ရဖို့ကို ကြိုးစားနေရပါတယ်။ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်ကလည်း လာလီဂါ တစ်ရာသီ အကောင်းဆုံးနည်းပြဆုကို ရရှိ ခဲ့တယ်လို့ သိရပါတယ်။




