လာမယ့် ဇွန် ၂ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့ ဒုတိယ ပုံမှန်အစည်းအဝေး၊ တတိယပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်ရုံးက လွှတ်တော် ပြက္ခဒိန် လျာထားထုတ်ပြန်ထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကြိုတင်သိရှိနိုင်အောင် ပေးပို့ထားရှိပြီး ဖြစ်တယ်လို့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ နာယက၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောပါတယ်။

မေ ၂၁ ရက်၊ နေ့လယ်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့ ဒုတိယပုံမှန် အစည်းအဝေးတွေ အောင်မြင်စွာ ကျင်းပနိုင်ရေး လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီတွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်တွေရဲ့ ဒုတိယပုံမှန်အစည်းအဝေး ကျင်းပ နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေထံ အစည်းအဝေး ဖိတ်စာတွေ ပေးပို့ထားရှိပြီး ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မေ ၃၀ ရက်ထက် မစော၊ ၃၁ ရက်ထက် နောက်မကျစေဘဲ နေပြည်တော်ကို လာရောက် ဖို့ ခေါ်ယူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်ရောက်ရှိချိန်မှာ လုံခြုံစိတ်ချစွာ တည်းခိုနေထိုင်နိုင်ဖို့ အဆောက် အအုံတွေ ကောင်းမွန်ရေး၊ သောက်သုံးရေး နဲ့ အသုံးအဆောင်ပစ္စည်းတွေ အဆင်ပြေစွာ အသုံးပြုနိုင်ရေးကို သက် ဆိုင်ရာ ရုံး၊ ဌာန၊ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမှာ ဖြစ်တယ်လို့ ပြောပါ တယ်။အလားတူ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ ကနေ နေပြည်တော်ကို အသွားအပြန် ခရီးစဉ်တွေ နဲ့ နေပြည်တော်မှာ စုပေါင်းတည်းခိုနေထိုင်တဲ့ နေရာတွေကနေ လွှတ်တော်တွေကို သွားလာရေးကိစ္စတွေ အဆင်ပြေစေဖို့ တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်အတွင်း သတင်းရယူရာမှာ သတ်မှတ်စည်းကမ်းချက်တွေနဲ့ စနစ်တကျ လိုက်နာဆောင်ရွက် နိုင်ရေး ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးတာဝန်ယူပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လိုလည်း ပြောပါတယ်။
အဲဒီနောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း တို့က အခု ကျင်းပမယ့် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွေမှာ ဥပဒေကြမ်းတွေ၊ ကြယ်ပွင့်ပြ မေးခွန်းတွေ မေးမြန်း ဆွေးနွေးပြီးတော့ လွှတ်တော်ကဏ္ဍကို အစစ်အမှန် စတင်အသက်သွင်းမှာ ဖြစ်တဲ့အတွက် အသံစနစ်တွေ ပိုမို ကောင်းမွန်စေဖို့ လိုအပ်ပြီး အစိုးရသစ် ရက် (၁၀၀) စီမံကိန်းကာလ နဲ့ တိုက်ဆိုင်နေတဲ့အတွက် အစိုးရ နဲ့ လွှတ် တော် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။




