အမေရိကန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခု အမြန်ဆုံး ရယူဖို့ အီရန်အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်တာကို Reuters သတင်းကဖော်ပြပါတယ်။အီရန်နဲ့ အမေရိကန်တို့ဟာ လောလောဆယ် နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲထားပေမယ့် စစ်ပွဲကို အဆုံးသတ်စေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ညှိနှိုင်းဖို့ ခက်ခဲနေကြဆဲပါ။

မေလ ၁၇ ရက်နေ့မှာတော့ ထရမ့်က အီရန်အနေနဲ့ သဘောတူညီမှုတစ်ခု မြန်မြန်ရအောင် အားထုတ်သင့်ပြီလို့ ပြောကြားခဲ့ပါတယ်။ သဘောတူညီချက်အတွက် ခပ်မြန်မြန် မလှုပ်ရှားဘူးဆိုရင် အီရန်ဟာ လက်ဆုပ်လက်ကိုင် ပြစရာ ဘာမှ မကျန်တော့တဲ့အဆင့်အထိ ရောက်သွားနိုင်တယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ အီရန်အတွက် အချိန်တွေက တရိပ်ရိပ် ကုန်ဆုံးနေကြောင်း၊ အီရန် အနေနဲ့ ခပ်မြန်မြန် လှုပ်ရှားသင့်ပြီဖြစ်ပြီး မဟုတ်ရင်တော့ ဘာမှ မကျန်တော့တဲ့ ဘဝမျိုး ရောက်သွားနိုင်ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားပါတယ်။ အီရန်အတွက်တော့ အချိန်က အသက်ပဲလို့လည်း သူက ဆိုပါတယ်။




