တားမြစ်ဓာတုဆေးဝါးတွေပါဝင်နေတဲ့ အလှကုန်ပစ္စည်း ၃ မျိုးကို သုံးစွဲဖို့မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိပေးထုတ်ပြန်လာပါတယ်။အဲဒီအလှကုန်ပစ္စည်းသုံးမျိုးကတော့ Glowing / Night Treatment (NA)၊ Glowing Herbal Treatment (NA) နဲ့ Rose / White & Natural Cream Moisturizer တို့ဖြစ်ပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ Post – Marketing Alert Systemအစီအစဉ်အရ အာဆီယံနိုင်ငံအသီးသီးက တွေ့ရှိရတဲ့ သုံးစွဲဖို့မသင့်တဲ့ အဲဒီအလှကုန် ၃ မျိုးဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားတာမရှိတဲ့အပြင် ကျန်းမာရေးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်တာ ၊ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်တွေ ကောင်းမွန်မှုမရှိတဲ့အတွက် အများပြည်သူသုံးစွဲဖို့မသင့်ကြောင်း အသိပေးထားတာပါ။တားမြစ်ပစ္စည်းတွေဟာ အရေပြားယားယံတာ ၊ ရောင်ရမ်းတာ ၊ အဖြူအနီကွက်တွေဖြစ်တာ၊ အရေပြားကတစ် ဆင့် ခန္ဓာကိုယ်အတွင်းကိုစုတ်ယူပြီး ထုံကျင်တာ ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးတာနဲ့ တစ်ခြားရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီ ၊ လက်လီလက်ကားဆိုင်တွေ၊ အွန်လိုင်းရှော့ပင်းတွေနဲ့ ရောင်းချသူတွေဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားတာမရှိတဲ့ အများပြည်သူသုံးစွဲဖို့အသင့်ကြောင်း ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချတာတွေ ကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ဖို့နဲ့ လိုက်နာဆောင်ရွက်တာမရှိရင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေး ဆိုင်ရာဥပဒေ ပုဒ်မ ၃ ၊ အပိုဒ် (၃) (ဃ) အရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေး ထားပါတယ်။




