နိုင်ငံတော်အစိုးရဟာ ပညာရေးတစ်ပိုင်းတစ်စနဲ့ လုပ်ငန်းခွင်ရောက်ရှိနေသူတွေအတွက် ပညာသင်ယူမှု အခွင့် အလမ်းတွေ ရရှိစေရေး နဲ့ ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှု က အစပြုပြီး ပညာရေးလမ်းကြောင်းဆီ ကူးပြောင်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မေလ ၁ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ အခုလို ဖော်ပြထားတာပါ။နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူတွေ နဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်နဲ့ ကျောင်းပြင်ပရောက်နေသူတွေအတွက် အခြေခံသက်မွေးပညာသင်တန်းတွေ ဖွင့်လှစ်ပို့ချ ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ သွားရောက် လုပ်ကိုင်တဲ့ နိုင်ငံတွေက ဥပဒေအောက်မှာသာ နေထိုင်ကြရပြီး အချို့အလုပ်သမားတွေဟာ မတရားသဖြင့် ဖိနှိပ်ခံ ရမှုတွေ ရှိတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်ကြမဲ့အစား ပြည်တွင်းမှာသာ အလုပ်လုပ်ကိုင်ကြပြီး နိုင်ငံသား အားလုံး နိုင်ငံတော်ရဲ့ အရိပ်အာဝသအောက်မှာ ပျော်ရွှင်အေးချမ်းစွာနဲ့ နေထိုင်နိုင်စေရေး သက်ဆိုင်ရာ ဝန်ကြီး ဌာန၊ အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုတယ်လို့လည်း ပြောပါတယ်။

အဲဒီအပြင် အရွယ်မတိုင်မီ ကျောင်းထွက်ပြီး အလုပ်လုပ်ကိုင်ကြခြင်းမှာ နိုင်ငံအနာဂတ်အတွက် အသိပညာရှင်၊ အတတ်ပညာရှင်တွေ လျော့နည်းစေတဲ့အတွက် ကလေးအလုပ်သမား ပပျောက်ရေးကို အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောပါတယ်။ဒါ့အပြင် အရည်အချင်းပြည့်ဝတဲ့ လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေး နဲ့ အလုပ်အကိုင်အခွင့်အလမ်း တွေ ပိုမိုဖန်တီးပေးနိုင်ရေးတို့ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နေပြီး အလုပ်သ မားကြီးတွေကလည်း တက်ကြွတဲ့ အားမာန်တွေနဲ့ နိုင်ငံကို အလှဆင်ပေးနိုင်ကြစေဖို့ နဲ့ နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုတယ်လို့လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။




