လာမဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစတင်ပြီး အလယ်တန်းပညာအဆင့်မှာ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးပညာရပ်တွေကို ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ဧပြီ၂၀ရက်က နိုင်ငံတော်သမ္မတရုံးမှာကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က အခုလိုပြောကြားခဲ့တာပါ။

ဒါ့အပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွေကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် လူသားအရင်းအမြစ်ကောင်းတွေ ရရှိရေးနဲ့ပတ်သက်လို့ အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုတယ်လို့ ဆိုပါတယ်။ပြည်သူ့နီတိနဲ့ စာရိတ္တပညာရပ်တွေကိုလည်း အခြေခံပညာကျောင်းတွေမှာ အဓိကအနေနဲ့ လူငယ်တွေ အကျင့်စာရိတ္တမြင့်မားစေရေးအတွက် ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအပြင် ဗလငါးတန်နဲ့ပြည့်ဝတဲ့ ကျောင်းတွေဖြစ်စေရေးအတွက် အခြေခံပညာကဏ္ဍမှာ Smart Schoolနဲ့ Football for School Programကိုလည်း အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နဲ့ ပေါင်းစပ်ပြီး ရက်ပေါင်း၁၀၀အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့အတွင်းရှိ ကျောင်းတွေမှာ Pilot Project အနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။




