တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို မတ်လ ၁၀ ရက် မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့အတူ အစိုးရအဖွဲ့ဝင်တွေဟာ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်မှာ ကတိသစ္စာပြုတာနဲ့ ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးတာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၂၃ ရှိတဲ့အနက် ၁၂၁ ယောက် တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးအောင်နိုင်သူနဲ့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်စန္ဒာသွယ်တို့က လွှတ်တော်ဥက္ကဋ္ဌရဲ့ရှေ့မှောက်မှာ ကတိသစ္စာပြုပြီး ကတိသစ္စာပြု လွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဏာရေး ဝန်ကြီးအဖြစ် ဒေါက်တာမေသန်းနွယ်၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီးအဖြစ် ဦးနေလင်း ထွန်း၊ လူမှုရေးရာဝန်ကြီးအဖြစ် ဦးဗိုလ်ဌေး၊ လျှစ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဒေါက်တာမျိုးသော်၊ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးစိုးဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ဒေါက်တာထူးမောင်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးမျိုးမြင့် အောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် စောဂျက်ကော့ထူးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးနေမင်းထွန်းတို့ကလည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ ရှေ့မှောက်မှာ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် လွှတ်တော်တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဒေါ်ဖြူမာဝေ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်မာချိုနဲ့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ဦးကျော်စွာငြိမ်း၊ ဒေါ်ထားထား၊ ဒေါ်နုနုခင်၊ ဦးကျော်ကျော်၊ ဒေါ်မာလာထွဋ်နဲ့ ဦးသောင်းဌေးတို့ကလည်း လွှတ်တော်ဥက္ကဋ္ဌရဲ့ရှေ့မှောက်မှာ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က မိန့်ခွန်းပြော ကြားကြပြီး တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။




