OpenAI ကုမ္ပဏီဟာ သူတို့ရဲ့ နာမည်ကျော် AI ဗီဒီယိုဖန်တီးမှု app ဖြစ်တဲ့ Sora ကို ရပ်ဆိုင်းလိုက်ကြောင်းနဲ့ အဲဒီ လုပ်ဆောင်ချက်နဲ့အတူ Walt Disney ကုမ္ပဏီနဲ့ ထားရှိခဲ့တဲ့ ဒေါ်လာ ၁ ဘီလီယံတန် အဆင့်မြင့် မိတ်ဖက်စာချုပ် ကိုပါ ရုတ်တရက် အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ဒါဟာ ChatGPT ဖန်တီးသူ OpenAI အနေနဲ့ လုပ်ငန်းသုံး ထုတ်ကုန်တွေ၊ Coding ဆိုင်ရာ ကိရိယာတွေနဲ့ AGI (Artificial General Intelligence) ဘက် ကို ပိုမိုအာရုံစိုက်ဖို့အတွက် သူတို့ရဲ့ လမ်းကြောင်းကို အကြီးအကျယ် ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် Disney ဘက်က တာဝန်ရှိသူတွေဟာ အကြီးအကျယ် အံ့အားသင့်ခဲ့ရပါတယ်။

သတင်း ရင်းမြစ်တွေရဲ့ အဆိုအရ ဒီသတင်း လူသိရှင်ကြား ထွက်မလာခင် မိနစ် ၃၀ အလိုမှာတင် Disney အဖွဲ့ဟာ Sora ရဲ့ အနာဂတ်အတွက် OpenAI အဖွဲ့နဲ့ အစည်းအဝေး လုပ်နေခဲ့တာပါ။ “ ဒါဟာ တကယ့်ကို အငိုက်မိသွားစေတဲ့ လုပ် ရပ်ပဲ” လို့ ဒီကိစ္စနဲ့ နီးစပ်သူတစ်ယောက်က Reuters ကို ပြောကြားခဲ့ပါတယ်။ OpenAI အနေနဲ့ အခုလို Sora ကို ဖျက်သိမ်းလိုက်တာဟာ ဒီနှစ်နှောင်းပိုင်းမှာ စတော့ဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေချိန် ကုမ္ပဏီအတွင်းမှာ ပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။



